မင်းတပ်ဆေးရုံဝန်းထဲမှ လူနာတင်ကား ပျောက်ဆုံးနေဟုဆို

By မဇ္ဈိမ 
24 August 2023
မင်းတပ်ဆေးရုံဝန်းထဲမှ လူနာတင်ကား ပျောက်ဆုံးနေဟုဆို
Photo - မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံအား တွေ့ရစဉ်

ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်၌ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ခရိုင်ပြည်သူ့ဆေးရုံဝန်းထဲမှ လူနာတင်ကားတစီးသည် ပြီးခဲ့သည့်ဩဂုတ်လ၂၀ရက်ညက ပျောက်ဆုံးသွားကြောင်း ဒေသခံများက‌ ပြောသည်။

မင်းတပ်မြို့တွင်း၌ မီးသတ်ကုန်း၊ အထက(၂) စာသင်ကျောင်းအပါအဝင် ဌာနဆိုင်ရာ ရုံးများနှင့်မြို့အဝင်အထွက်ဂိတ်များ၌  စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည့်ကြားမှ ဆေးရုံဝန်းထဲမှ လူနာတင်ကားတစီးကို  လူငယ်တစုက မောင်းနှင်ယူဆောင်သွားခြင်းဟု သိရသည်။မင်းတပ်ဆေးရုံဝန်းထဲ၌  လူနာတင်ကားနှစ်စီးရှိပြီး တစီးမောင်းနှင်ယူဆောင်သွားခြင်းဟု ဒေသခံတဦးကပြောသည်။

" ဒီတိုင်းလမ်းမကြီးအတိုင်းအရှေ့ပြင်ဂိတ်ကနေမောင်းသွားတာ။ဂိတ်မှာတော့ပစ်ခတ်မှုတွေရှိတယ်။ ဒါပေမယ့်ကားတော့ပါသွားတယ်" ဟု ၎င်းက‌ ပြောသည်။

ဆေးရုံကားပျောက်ဆုံးသွားပြီးသည့်နောက် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံအပါအဝင်ဌာနဆိုင်ရာရုံးအချို့ကို ပိတ်ထားရန် စစ်ကောင်စီအရာရှိက နှုတ်မိန့်ဖြင့်ညွှန်ကြားထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် မင်းတပ်မြို့ပေါ်၌  ဒေသခံကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတပ်ဖွဲ့ နေ့တိုင်းနီးပါးပစ်ခတ်မှုများရှိနေသည်။ မင်းတပ်မြို့အ‌‌ခြေစိုက် ခလရ ၂၇၄မှလည်း ကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်နေပြီး  လေကြောင်းပစ်ကူလည်းတောင်းခံထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။ ထို့အပြင် ‌မကွေးတိုင်းကျောက်ထုမြို့ဘက်မှ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့သို့ ‌ဦးတည်နေ၍ ဒေသခံများ စစ်ရေးသတိရှိကြရန် မင်းတပ်မြို့မှ ချင်းကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

စာတည်း - အေးချမ်း

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly