ဘုတလင်တွင် သံဃာ ၃ ပါး ပျောက်ဆုံးနေမှု ပကဖ စုံစမ်းစစ်ဆေးနေ

By လွှမ်းမိုး (မဇ္ဈိမ)
24 August 2023
ဘုတလင်တွင် သံဃာ ၃ ပါး ပျောက်ဆုံးနေမှု ပကဖ စုံစမ်းစစ်ဆေးနေ
ပျောက်ဆုံးနေသည့် သံဃာသုံးပါးအနက် တပါးအား တွေ့ရစဉ်(ပုံဟောင်း)

ဘုတလင်မြို့နယ်၊ရွှေစာရေးရွာရှိသကျသီဟပြည်လုံးချမ်းသာကျောင်းတိုက်မှ သံဃာသုံးပါး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့်ဖြစ်စဉ်ကို စစ်ဆေးနေကြောင်း ကနီမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့တာဝန်ခံ ကိုကျော်ဆန်းက ပြောသည်

သံဃာသုံးပါးသည် ကျောင်းတိုက်တွင် ရှိနေစဉ်  ဩဂုတ်လ ၁၀ ရက်‌ နေ့ညကတည်းက ပျောက်ဆုံးသွားခြင်းဟု သိရသည်။  ယနေ့ ဩဂုတ်လ ၂၄ရက်ညနေအထိ ပြန်မတွေ့သေးဘဲ  မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံများကပြောသည်။

“ ညပိုင်း ဘုရားရှိခိုးတဲ့ အချိန် သံဃာသုံးပါး မတွေ့တော့ လိုက်ရှာကြည့်ကြတာပေါ့ဗျာ။ ဆရာတော်တွေ နားနေခန်းတွေထဲကြည့်တော့ အခန်းက ပုံမှန်မဟုတ်ဘူး။ စာအုပ်တွေ၊ ဘီရိုတွေအကုန်မွှေနှောက် ရှာထားတဲ့ ပုံစံဖြစ်နေတာကို တွေ့ရတယ်။ နောက်မှ ဆရာတော်တွေ ဖမ်းဆီးခံရတယ်ဆိုတာ သိရတယ်” ဟု ဒေသခံတဦးကပြောသည်။

ထိုအခြေအနေအကို ဒေသခံများက ဘုတလင်နှင့်ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို အကြောင်းကြားထားရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေသည်။

" စုံစမ်းစစ်ဆေးမှူတွေ လုပ်နေတာလည်း ရှိပါတယ်ဗျ။ အခု အချိန်ထိတော့ ဘယ်အဖွဲ့အစည်း က ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးပါဘူး” ဟု ကနီမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ ကိုကျော်ဆန်းက မဇ္ဈိမကို ပြောသည်။

 ဖမ်းဆီးခံရသည့် သံဃာတော်များမှာ ဦးစန္ဒာလောက၊ ဦးစန္ဒိမာနှင့်ကိုရင်ကြီးတပါးဖြစ်သည်။ သံဃာနှစ်ပါးမှာ စစ်မှုထမ်းဟောင်းဖြစ်ပြီး ရဟန်းဝတ်ဖြင့် တရားအားထုတ်နေသည်မှာ ဝါတော် ၁၁ ဝါ(၁၁နှစ်) ရှိနေပြီဟု သိရသည်။ကျန်ကိုရင်ကြီးသည် စိတ်ရောဂါခံစားနေရပြီး ဝါတော် ခုနစ်ဝါ ရှိပြီဟုသိရသည်။ 

“ ဆရာတော်ကြီးတွေက သက်တော် (၇၀) အရွယ်ကြီးတွေ ဖြစ်ကြပါတယ် ။ သင်္ကန်းစပြီးဝတ်ကတည်းက နိုင်ငံရေးဘာညာလုပ်တယ်လို့ ဘာအသံမှ မကြားရပါဘူး။ တရွာလုံးကလည်း ကြည်ညိုကြ တာ ဖြစ်ပါတယ်။ အခုတော့ အသက်ရှိသေးလား၊မရှိတော့ဘူးလား ဘာမှ မသိရသေးဘူး” ဟု ဒေသခံတဦးက‌ ပြောသည်။ 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အ‌ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကို ဆက်သွယ်မေးမြန်းရာ အဆိုပါ ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်းမသိရသေးဟု ဆိုသည်။ သံဃာသုံးပါး ပျောက်ဆုံးနေမှုကို မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနေဖြင့်လည်း စနစ်တကျ စုံစမ်းဖော်ထုတ်ပေးရန် ဒေသခံများက တောင်းဆိုထားသည်။

စာတည်း - အေးချမ်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly