ငွေကြေးလိုအပ်ချက် မရှိဘူးဆိုပြီး အလိမ်အညာတွေနဲ့ ဟန်ဆောင်နေရပြီဖြစ်တဲ့ စစ်ကောင်စီ | သတင်းသုံးသပ်ချက်

By မဇ္ဈိမ 
28 July 2023
ငွေကြေးလိုအပ်ချက် မရှိဘူးဆိုပြီး အလိမ်အညာတွေနဲ့ ဟန်ဆောင်နေရပြီဖြစ်တဲ့ စစ်ကောင်စီ | သတင်းသုံးသပ်ချက်

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု ဆိုးကျိုးတွေရဲ့ နောက်ဆက်တွဲအဖြစ် လူမှုစီးပွား ပြဿနာတွေကို တွေ့ကြုံခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်ပါတယ်။

အလုပ်အကိုင် ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအားတွေ ဆက်လက်ကျဆင်းနေပြီး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ILO က ဇူလိုင် ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ဟာ တချို့ကဏ္ဍတွေမှာ အနည်းငယ်တိုးတက်တယ်လို့ ဆိုနိုင်ပေမယ့် များပြားလှတဲ့လူဦးရေအတွက် အမီလိုက်နိုင်ခြင်း မရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၅၄ ဒသမ ၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင် ရရှိပါတော့တယ်။ ဒါဟာ ၂၀၁၇ ခုနဲ့ နှိုင်းယှဉ်ရင် ၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားတာပါ။

ကြုံရာကျဘန်းလုပ်ကိုင်သူ ပိုများလာပြီး အလုပ်အကိုင်အရည်အသွေးတွေလည်း ကျဆင်းနေတဲ့အပြင်၊ ကုန်ထုတ်စွမ်းအားလည်း ကျဆင်းနေတယ်လို့ ILO ရဲ့အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို အလုပ်လက်မဲ့ ဦးရေ ကျဆင်းလာပြီး ပြည်သူတွေရဲ့ ဝင်ငွေတွေ လျော့ကျလာတဲ့အချိန်မှာ ငွေကြေး ဖောင်းပွမှုနှုန်းက မြင့်တက်လာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် မြန်မာပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေ ထိခိုက်နစ်နာနေရပြီဖြစ်ပါတယ်။

ILO ရဲ့ အစီအရင်ခံစာမှာ လူမှုစီးပွားဘဝတွေ ထိခိုက်နေပြီလို့ဆိုပေမယ့် စစ်ကောင်စီခေါင်းဆောင် ကတော့ လာမယ့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ စီးပွားရေး ၄ ရာခိုင်နှုန်းတိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ပြောနေပါတယ်။

နိုင်ငံတော်အနေနဲ့ ဘဏ္ဍာငွေလိုအပ်ချက် မရှိတဲ့အပြင် နိုင်ငံတွင်းလည်ပတ်သုံးစွဲငွေတွေ မျှတစွာ ရှိနေတဲ့ အတွက် နှစ်သောင်းတန် ငွေစက္ကူထုတ်တာဟာ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့လည်း စစ်ကောင်စီ ခေါင်းဆောင်က ဆိုပါတယ်။

နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုဟာ ပုံမှန်အခြေအနေမှာ ရှိနေပြီး ဘဏ်တွေမှာလည်း ငွေကြေးအပ်နှံတာ များပြားနေတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောလိုက်ပါသေးတယ်။

သူ့အနေနဲ့ နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့ပြီး ဘဏ္ဍာငွေ သုံးစွဲမှုမှာ နိုင်ငံခြားချေးငွေ လုံးဝ ချေးယူခြင်း မရှိဘဲ ပြည်ပထောက်ပံ့ငွေ အနေနဲ့လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်းရောက်မှာ အနည်းငယ်သာ ရရှိတယ်လို့ ပြောပါတယ်။

တကယ့်မြေပြင်အခြေအနေမှာတော့ စစ်ကောင်စီ ခေါင်းဆောင်ပြောတာနဲ့ တခြားစီဆိုတာ လက်တွေ့ ရင်ဆိုင်နေရသူတွေ အားလုံး သိကြမှာပါ။

ဘဏ်တွေမှာ ကြည့်လိုက်ရင်လည်း ငွေသွင်းသူထက် ငွေထုတ်သူတွေက ပိုများနေပြီး ငွေကြေး တက်နိုင်သူ တွေက ခိုင်မာမယ့် အိမ်၊ ခြံ၊ မြေတွေ ဝယ်ယူတာမျိုးကို ပိုလုပ်လာကြလို့ အိမ်၊ ခြံ၊ မြေ ဈေးတွေ အဆမတန် မြင့်တက်နေတာပါ။

နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ ရွှေဈေးဟာလည်း ၂၀၂၁ ခုနှစ် အရှေ့ပိုင်းကထက် စာရင် ၂ ဆကျော်အထိ မြင့်တက်နေပြီး ကျပ် ၂ သောင်းတန် ငွေစက္ကူ ဂရက်ကြောင့် ရွှေဆိုင်တွေက အရောင်းပိတ်တာ၊ နိုင်ငံခြားငွေ လဲလှယ်တဲ့ နေရာတွေ ပိတ်ထားတာအထိ လှုပ်ခတ်နေတာ ဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေ အတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန်တွေ ဆိုလည်း တစ်နေ့ထက် တစ်နေ့ မြင့်တက်နေတာပါ။ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁ သိန်းနား ကပ်နေပါပြီ။

စစ်ကောင်စီ ထုတ်မယ့် ကျပ် ၂ သောင်းတန် ငွေစက္ကူကို အမျိုးသားညီညွတ်ရေး အစိုးရက တရားမဝင်ဘူးလို့ ကြေညာခဲ့ပါတယ်။ တရားမဝင်ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ဖြစ်စေတာဟာ ပြည်သူတွေရဲ့ လုပ်အားနဲ့ ချွေးနဲစာကို ခိုးယူနေတာလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် အနေနဲ့ ဘဏ္ဍာငွေလိုအပ်ချက် မရှိဘူးလို့ ဆိုတာဟာ ဟန်ကိုယ့်ဖို့ သက်သက် လိမ်ညာပြောနေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားချေးငွေ ချေးယူခြင်းမရှိဘူးဆိုတာကတော့ သူ့ကို ဘယ်နိုင်ငံကမှ မချေးတော့လို့ပါ။ 

စစ်ကောင်စီ အနေနဲ့ အရင်ကြွေးတွေတောင် လည်ပင်းနစ်နေပါပြီ။ နွေဦးတော်လှန်ရေး အောင်ပွဲခံပြီး ပြည်သူ့အစိုးရ တက်လာတဲ့ အခါမှာ အာဏာသိမ်းပြီးမှ စစ်ကောင်စီကို ချေးထားတဲ့ ငွေကြေးတွေအတွက် တာဝန်မယူဘူးဆိုတာ သိထားတဲ့ ဘယ်အစိုးရကမှ စစ်ကောင်စီကို ချေးရဲမှာ မဟုတ်ပါဘူး။

စစ်ကောင်စီဟာ ပြည်တွင်းလည်ပတ်ဖို့ ငွေကြေးလိုအပ်နေလို့ ကျပ် ၂ သောင်းတန် ငွေစက္ကူ တွေကို ရိုက်နှိပ်ထုတ်ဝေတယ်ဆိုတာ သိသာစေတဲ့အချက်က ဒီကိစ္စကို မကြာခဏ ရှင်းနေတာနဲ့တင် သိသာ နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required