ရန်ကုန်တွင် ရာသီတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေ 

By ရောင်နီ၊ ဂန္ဒမာ (မဇ္စျိမ)
13 July 2023
ရန်ကုန်တွင် ရာသီတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေ 
ပုံစာ - ရန်ကုန်ပြည်သူဆေးရုံကြီးရှေ့တွင် နှာခေါင်းစည်းတပ်ကာ လမ်းလျှောက်နေကြသူများ။ (ပုံ - အဟောင်း)

ရန်ကုန်တွင် ရာသီတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး ကူးစက်ပြန့်ပွားမှုများလည်းရှိနေကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။ 

“ တုပ်ကွေးတွေ ဖြစ်နေကြတာ။ ဆေးရုံမှာဆိုလည်း ဖျားတဲ့သူတွေ ရှိတယ်။ ကိုယ်လက်ကိုက်တာတွေရှိတယ်။ အဖျားကြာချိန်ကတော့ ကိုယ်ခံအားနဲ့ပဲ သက်ဆိုင်ပါတယ်။” ဟု ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ ဆရာ၀န်တစ်ဦးက ပြောသည်။ 

ဇွန်လ နောက်ဆုံးအပတ်မှ စကာ နေ့စဥ် ရက်ဆက် မိုးရွာသွန်းမှုများရှိခဲ့သည့် ရန်ကုန်မြို့တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် ဖျားနာသူ တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုများလည်း ရှိနေပြီး အချို့ အိမ်ထောင်စုများတွင် မိသားစုလိုက် ဖျားနာခြင်းများ ကြုံတွေ့နေရကာ ကလေးသူငယ်များတွင်လည်း အဆုတ်ရောင်ရောဂါဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။ 

“ ကူးတာကတော့ ရှယ်ကူးတာ။ စကားထိုင်ပြောတာနဲ့ကူးတာပဲ။ ကျွန်တော်ဆို ဖျားနေတဲ့ ဘော်ဒါကို ဟင်းသွားပေးရင်းကနေ ကူးတာ လင်မယားနှစ်ယောက်လုံး ဖျားသွားတယ်။ ဖျားပေမယ့် ကိုဗစ်လိုတော့ မခံရပါဘူး။ နှစ်ရက်လောက်တော့ ခံလိုက်ရတယ်။ တချို့ကျတော့ သုံးလေးရက် ဖျားကြတာရှိတယ်။ အနံ့တွေ ဘာတွေ မပျောက်ဘူး။ ပါးစပ်မပျက်ဘူး။ ” ဟု ရာသီတုပ်ကွေးရောဂါကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသည့် လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ 

ရန်ကုန်မြို့ရှိ ကလေးသူငယ်များတွင်လည်း ရာသီတုပ်ကွေးရောဂါနှင့် အဆုတ်လေပြွန်ရောင်ရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

"ကျွန်မမှာ ခုနစ်နှစ်တစ်ယောက် သုံးနှစ်တစ်ယောက် ကလေးနှစ်ယောက်ရှိတယ်။ အငယ်လေးအရင်ဖျားတယ်။ အထူးကုဆေးခန်းကိုသွားပြလိုက်တယ်။ ရာသီတုပ်‌ကွေးလို့ပဲ ကောက်ချက်ချတယ်။ အကြီးလေးကတော့ အငယ်လောက်သိပ်မဖြစ်ပါဘူး။ အမေတ​စ်ယောက်ဖြစ်တဲ့အတွက် အရမ်းကို စိတ်သောက ရောက်ရပါတယ်။ ညတိုင်းမအိပ်ဘဲ ထိုင်ကြည့်နေရတာပါ။" ဟူ‌၍ ရန်ကုန်မြို့နေ မိခင်တစ်ဦးက ၎င်းကြုံတွေ့ရသည့်အဖြစ်အပျက်ကို ပြောသည်။

ကလေးသူငယ်များတွင်ပါ ပျံ့နှံ့ဖြစ်ပွားနေ၍ အချို့သော ကျောင်းများမှာ ပိတ်ထားခြင်းနှင့် ကလေးမိဘတချို့မှာလည်း ကျောင်းသို့ပို့ရန် စိုးရိမ်ပူပန်စိတ်များဖြစ်ပေါ်နေကြောင်း သိရသည်။

"ကျောင်းတစ်ချို့ကတော့ ပိတ်ထားတာ သိရပါတယ် ။ အမသိ‌သလောက်ကတော့ International school အချို့ပေါ့လေ။ အမသမီး ကျောင်းကတော့ မပိတ်ထားဘူး။ အမလိုပဲ မိဘ အချို့ကတော့ ကျောင်းမပိတ်ပေမယ့် ကျောင်းမပို့ကြဘူးလို့ သိရပါတယ်။ ခုချိန်က ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းမှာ အများဆုံး ကူးလာကြတာလို့သိရတယ်။ ခုချိန်မှာရာသီတုပ်ကွေးက ကလေးရော လူကြီးရော အရမ်းဖြစ်နေကြတာဆိုတော့ အမကတော့ ကာကွယ်တဲ့ အနေနဲ့ ဒီတစ်ပတ်လုံးကျောင်းနားထားတယ်။ ကျောင်းမပို့ဘူးပေါ့။ ကြားနေရတဲ့ သတင်းတွေကလည်း ကလေးတွေမှာ ပိုစိုးရိမ်ရတယ်။ ဆေးရုံ ဆေးခန်းတွေတောင် လူ ပြည့်နေတယ်ဆိုတာကြောင့် ပိုစိုးရိမ်ပြီး အမသမီးကို ပြနေကြ ဆရာဝန်ကြီးဆီ သွားပြပြီး ဆွေးနွေးထားတယ်။" ဟူ၍ ပြောသည်။

မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်နိုင်ငံအနေဖြင့် ရာသီတုပ်ကွေးရောဂါ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ဒေါက်တာဆုတောင်းပြည့် က ပြောသည်။ 

“ ဘယ်တုပ်ကွေးပဲ ဖြစ်ဖြစ် ကျန်းမာတဲ့ လူကြီးတွေ ကလေးတွေမှာ သာမန်လက္ခဏာတွေနဲ့ ပျောက်သွားနိုင်တယ်။ ဒါပေမယ့်  ငါးနှစ်အောက်ကလေးတွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ၊ ကိုယ်အင်္ဂါအစားထိုးထားတဲ့သူတွေနဲ့ တခြားရောဂါအခံရှိသူတွေမှာ ဒီလိုတုပ်ကွေးဖြစ်ရင် ရောဂါလက္ခဏာကို ပြင်းပြင်းထန်ထန်ခံစားရနိုင်တယ်။ အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။ ” ဟု ၎င်းက ပြောသည်။

ရာသီတုပ်ကွေးရောဂါသည့် နှာချေချောင်းဆိုးရာကနေ တစ်ဆင့် ကူးစက်တတ်သည့်အတွက် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုကင်းေ၀းစေရန် သတိပြုနေထိုင်ကြရန်လည်း ၎င်းက အကြံပြုသည်။ 

“ ဖျားနေပြီဆိုတာနဲ့ အိမ်မှာပဲနေပြီး အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ အပြင်ထွက်ရင်လည်း မတ်စ်တပ်တာ၊ လက်ဆေးတာတွေကို သတိထားပြီး လုပ်ပေးသင့်တယ်။ အာဟာပြည့်အောင် စားမယ်။ အိမ်ရေး၀၀ အိပ်ရမယ်။ လူစုလူေ၀းရှိတဲ့နေရာတွေကို ရှောင်ပြီး ကူးစက်မှုကို ရှောင်ရှားလို့ ရပါတယ်။” ဟု တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှ ဒေါက်တာဆုတောင်းပြည့်က ပြောသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required