မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

By 007 (မဇ္ဈိမ)
11 July 2023
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ဇူလိုင်လ ၉ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားသည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာမြို့နယ် ပ.က.ဖ)က သတင်းထုတ်ပြန်သည်။

“သေသွားတဲ့ အလောင်းကို ပြည်သူတွေကို ထမ်းခိုင်းတယ်၊ နောက်တော့ အလောင်းထမ်းတဲ့သူတွေကို ပြန်လွှတ်ပေးတယ်၊ မနေ့(ဇူလိုင်လ ၉ရက်)ကတည်းက ကျောက်တံတားမှာ အလောင်းတွေရောက်နေတယ်ဆိုတာကို ကြားထားတယ်၊ ဒီနေ့(ဇူလိုင် ၁၀ ရက်) ညနေမှ သတင်းက၀င်လာတာပါ" ဟု မတ္တရာမြို့နယ် ပ.က.ဖ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်က မတ္တရာမြို့နယ်အရှေ့ခြမ်း ၊ မြောင်းသစ်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ချောင်းမကြီးကျေးရွာအရှေ့ဘက်၊ တံတားနက်တံတား၏တောင်ဘက် ပေ ၃,၀၀၀ ကျော်အကွာရှိ မတ္တရာမြို့နယ် ပ.က.ဖ အဖွဲ့က ထောင်ထားသည့် မိုင်းကွင်းအတွင်း ၀င်ရောက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲခံရပြီး သေဆုံးသွားသူများထဲတွင် စစ်ကောင်စီတပ်ဖွဲ့က အရာရှိအဆင့်ရှိသူဟု ယူဆရသူတစ်ဦး အပါအ၀င် စုစုပေါင်းငါးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး မဇ္ဈိမအနေဖြင့် အရာရှိအဆင့်ဆိုသူနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ချောင်းမကြီးကျေးရွာအရှေ့ဘက်တွင် စစ်ကောင်စီတပ်သားများ မရှိတော့ဘဲ ချောင်းမကြီးကျေးရွာ အနောက်ဘက် ရှားစေးချက်ကျေးရွာတွင် အင်အား ၄၀ ခန့်ရှိပြီး ၎င်းတို့အနက်အချို့သည် ကျောက်တံတားကျေးရွာနှင့် ငါးလုံးပြွန် ကျေးရွာသို့ ပြောင်းရွှေ့တပ်စွဲထားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထိုသို့ပြောင်းရွှေသွားသော စစ်ကောင်စီတပ်ဖွဲ့တွင် ဒဏ်ရာရစစ်သားများအပြင် အရာရှိအလောင်းဟု ယူဆရသော အလောင်းတစ်လောင်းကိုပါ ထမ်းစဉ်ဖြင့် သယ်သွားသည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ဇူလိုင်လ ၉ ရက် နံနက်ပိုင်းကလည်း မတ္တရာမြို့နယ်၊မြောင်းသစ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly