ရေဦးတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုစိစစ်ဆဲဖြစ်ပြီး လေကြောင်းအန္တရာယ်သတိပေးထား

By MTO (မဇ္စျိမ)
10 July 2023
ရေဦးတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုစိစစ်ဆဲဖြစ်ပြီး လေကြောင်းအန္တရာယ်သတိပေးထား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာမှ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို  ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၀မိနစ်ခန့် တွင် စစ်ကောင်စီတပ်က  တိုက်လေယာဥ် နှစ် စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်  ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာနှစ်စင်းသည် မန္တလေးတိုင်း၊တံတားဦးလေဆိပ်မှတက်လာပြီး ရေဦးမြို့အနောက်ခြမ်းရှိရေမျက်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ရေဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  People’s Defense Comradeမှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“ ရေမျက်ရွာဘုန်းကြီးကျောင်းနဲ့ကလေးတွေစာသင်ကြားနေတဲ့ စာသင်ကျောင်းပါထိခိုက်မှုရှိ ထားပါတယ်။အသေအပျောက်အပျက်အစီး အခြေအနေ အသေးစိတ်မသိရသေးဘူး” ဟုကိုထူးခန့်ဇော်က ယနေ့ နေ့လည် ၁၂နာရီ ၄၀မိနစ်ခန့်တွင် ပြောသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာနှစ်စင်းသည် ပေါင်း ၅၀၀ ဗုံး လေးလုံးကြဲချပြီး စက်‌သေနတ်များဖြင့်ပါ ရွာပတ်လည်ကို ပစ်ခတ်သွားသည်ဟု ဒေသခံများကဆိုသည်။ 

" ဘာကြောင့်လာပစ်တယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားမရဘူး။ မိုးရွာနေချိန်ကြီး လာပစ်တာ။ တိုက်လေယာဉ် တစ်စင်းကို ဗုံးနှစ်လုံးနဲ့ စုစုပေါင်း ဗုံးလေးလုံးကြဲသွားတာ" ဟု ‌ရေဦးမြို့ဒေသခံတစ်ဦးကပြောသည်။

ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် ရေဦးမြို့ဒေသခံများသို့ ဆက်သွယ်မေးမြန်းရာ ဘုန်ကြီးကျောင်းနှင့်စာသင် ကျောင်းပျက်စီးသည့်အပြင်ဘုန်းကြီးကျောင်းဝင်းအတွင်းရီိ စေတီငယ်ခြောက်ဆူလည်း ပျက်စီးခဲ့ကြောင်း ပြောသည်။ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီးလတ်တလောတွင် လူထိခိုက်မှုမရှိဟု ကြားသိရကြောင်း ပြော‌သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် မြေပြင်အခြေအနေကို  အသေးစိတ် အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။ 

ရေမျက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဟု ကိုထူးခန့်ဇော်က ပြောသည်။

“ သုံးချက်ကတော့ မြေပြင်ပေါက်ကွဲမှုတအားပြင်းတယ်။ ခုနစ်မိုင်၊ရှစ်မိုင်အကွာအဝေးလောက်ထိ မြေကြီးတွေတုန်သွားတာ။  စာသင်ကျောင်းအနီး ဘောလုံးကွင်းထဲမှာ မပေါက်ကွဲသေးတဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံးလည်းတွေ့ ထားတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရေမျက်ကျေးရွာ ကို MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  အရပ်သား ခြောက်ဦးထက် မနည်းသေဆုံးခဲ့ဖူးသည်။ပြီးခဲ့သည့် မေလ ၉ ရက်ကလည်း  ရေဦးမြို့နယ်၊ ထန်းတောကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေပြီး ချင်းပြည်နယ် မင်းတပ်မြို့ကို ဇူလိုင် ၇ရက်က လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ရက် ညနေကလည်း ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကိုစစ်ကောင်စီတပ်က  ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ဦး သေဆုံးခဲ့ကြောင်း
သိရသည်။ 

လတ်တလောတွင် စစ်ကောင်စီက နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာနိုင်သောကြောင့် ရေဦးနယ်အနောက်ခြမ်းရှိ ပြည်သူများ လေကြောင်းအန္တရာယ်အထူးဂရုစိုက်ကြရန်နှင့် အကာကွယ်ကောင်းသည့်နေရာများတွင် တိမ်းရှောင်ထားပေးကြရန်People's Defense Comradeအဖွဲ့က သတိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly