ရေဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရ

By MTO(မဇ္ဈိမ)
05 August 2023
ရေဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရ
ဒေသခံပြည်သူများအရေးပေါ် ထွက်ပြေးနေကြရပုံ Credit – People”s Defense Comrade

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာ၍  ကျေးရွာ ၁၀ ရွာက ဒေသခံ ပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ ဩဂုတ်လ ၅  ရက် မနက်ပိုင်း၌ ဒီပဲယင်းမြို့နယ်တွင် အင်အား ၁၀၀ ကျော်ဖြင့်  ရေဦးနယ်အနောက် ခြမ်းရှိ ကျေးရွာများဖြစ်သည့် ရွာမ၊ တောင်တော၊ ထန်းတော၊ တင်းတိန်းရဲ စသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရေဦးအခြေပြု People”s Defense Comrade  မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။

“ အခု ရေဦးနယ်အနောက်ခြမ်းက ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၅,၀၀၀ ကျော် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေ ၊ ဆွေမျိုးအသိမိတ်ဆွေအိမ်တွေ၊ စစ်ရှောင်စခန်းတွေမှာ ခွဲပြီးနေ နေရ တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ရေဦးနယ်အနောက်ခြမ်း တင်းတိန်းရံ ကျေးရွာထဲတွင် တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်နေကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

၎င်းက "အခု ရေဦးနယ် အနောက်ခြမ်း တင်းတိန်ရံ ရွာထဲမှာ တပ်စွဲထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် မွေနှောက်နေတယ်၊ လက်ရှိကတော့ မီးရှို့တာတွေ မလုပ်သေးဘူး “ ဟု ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နေ့လယ် ၃ နာရီတွင် ပြောသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးအထိုင်ချ စစ်ကြောင်းဖြစ်ပြီး ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို  စသည့် ကျေးရွာများကို လှည့်ပတ် စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းတစ်ခုဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ က လက်ရှိတပ်စွဲထားသည့် တင်းတိန်းရံ ရွာသည့် ပြီးခဲ့သည့် ၂၀၂၂ ခုနစ် ဇူလိုင်လ အတွင်းက  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၃၁၅ လုံး နှင့် စျေးကြီးအတွင်းမှ ဆိုင်ခန်းပေါင်း ၂၄၆ ခန်း မီးလောင်ပျက်စီးထားသည့် ကျေးရွာကြီးဖြစ်သည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required