တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

By MTO(မဇ္ဈိမ)
23 September 2023
တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရေဦးမြို့နယ်အခြေစိုက် People's Defense Comrade အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“စစ်ကြောင်းနှစ်ခုလုံးက ရေဦးနယ်မြောက်ဘက်ခြမ်းနဲ့ တန့်ဆည်နယ်တောင်ဘက်ခြမ်း နှစ်မြို့နယ်အနီးကို ရောက်နေတယ်ဗျ ။ညှပ်ပိတ်ထိုးနေတယ်။ ရေဦး-တန့်ဆည်အနီးက ရွာပေါင်း နှစ်ဆယ်လောက်က ပြည်သူပေါင်း တသောင်းကျော်လောက် ထွက်ပြေးနေရတယ်” ဟု ရေဦးမြို့နယ်အခြေစိုက် People's Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

ကန့်ဘလူမြို့မှလာသည့် စစ်ကြောင်းနှင့် ရေဦးမြို့မှလာသည့် စစ်ကြောင်းတို့က တန့်ဆည်နှင့်ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများရှိရာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်တွင် တန့်ဆည်မြို့ ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့  အထိုင်ချထားသည့် စခန်းနှစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပြုလုပ်ပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့မနက် တန့်ဆည်အရှေ့ခြမ်း ငတန်းရွာဘက်ကနေ တောင်ဘက်ခြမ်းရွာတွေဘက်ကို ထွက်လာတယ် ၊ရေဦးကထွက်လာတဲ့ စစ်ကြောင်းတခုက ဒီနေ့မနက် ကန်ပေါက်ရွာဘက်ကနေ ရေဦးနယ် မြောက်ဘက်ခြမ်း ပုဏ္ဏကားရွာကို ဝင်နေတယ်” ဟု ကိုထူးခန့်ဇော်က ပြောသည်။

တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှ တောင်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ရွှေတံကျေးရွာ အရှေ့ဘက်တွင် စစ်ရှောင်နေသည့် အသက် ၅၀ အရွယ် ပြည်သူတဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ၎င်းကပြောသည်။


စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ကန်ပေါက်၊ ပန်းကုံး ၊ ဖလံဂုဏ်၊ ဗိုလ်ရုံ ၊ဆပ်သေ ၊အင်တော ၊လှည်းသွင်း၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ နှင့် တန့်ဆည်နယ်တောင်ဘက်ခြမ်းရှိ ရွှေတံကျေးရွာ ၊ခပေါင်းကြိုင် ၊ချောင်းရိုး ၊ဖန်းခါးဇင် ၊စိမ်းစား ၊ဒယ်ရောက်၊ အောင်သာ စသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေရခြင်းဖြစ်သည်ဟု ဆိုသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required