ရေဦးတွင် စစ်ကောင်စီတပ်က ပြည်သူပိုင် ဆန်စက်ကိုဖောက်ထွင်းပြီး ဆန်များ အဓမ္မယူဆောင်

By MTO(မဇ္ဈိမ)
07 October 2023
ရေဦးတွင် စစ်ကောင်စီတပ်က ပြည်သူပိုင် ဆန်စက်ကိုဖောက်ထွင်းပြီး ဆန်များ အဓမ္မယူဆောင်
ပုံအညွှန်း - ပြည်သူများဘေးလွတ်ရာသို့ စစ်ရှောင်နေကြရစဉ်(ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ရွာ အနီးရှိ  ဆန်စက်မှ ဆန်အိတ်တွေကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းတွင် ရေဦးမြို့ မြောက်ဘက်ခြမ်း ကို စစ်ကြောင်းထိုးပြီးနောက် ဖိန်းကားရွာ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရေဦးအခြေပြု People’s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြော သည်။

၎င်းက “ ဖိန်းကားရွာအနီးက စူပါဖိုက်ဆန်စက်ထဲက ဆန်အိတ်ပိုင်းတွေကို SKATကားနဲ့ ရေဦးကိုပို့ တယ် လို့ သိထားတယ်” ဟုပြောသည်။

ပုံအညွှန်း - ပြည်သူများဘေးလွတ်ရာသို့ စစ်ရှောင်နေကြရစဉ်(ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီတပ်ဖွဲ့ သည် အောက်ကိုဘာလ ၆ ရက်နေ့ ညတွင် ဖိန်းကားရွာတွင် ညအိပ်တပ်စွဲပြီးနောက်  ယနေ့  အောက်တိုဘာလ ၇ ရက် မနက်ပိုင်းတွင် ရေဦးအနောက်ခြမ်းကျေးရွာများဖြစ်သည့် ကန်ပေါက်ရွာ ၊ဇဝရွာ နှင့် နှောကုန်းရွာ များ ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

စစ်ကောင်စီတပ်၏ အောက်တိုဘာ ၆ ရက် နှင့် ၇ ရက် နှစ် ရက်တာ စစ်ကြောင်းထိုးမှုကြောင့် ရေဦးနယ် အနောက်ခြမ်း နှင့် မြောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် ရွာသစ်၊နဘောင်၊ ဖိန်းကား၊ အုန်းတပေါင်း၊ ဗိုလ်ရုံ၊ ပန်းကုံး၊ကန်ပေါက်၊ဖလံဂုဏ်၊ဇဝ၊နှောကုန်း၊ကုန်းကြီး၊ကုန်းတန်း၊တောင်ကုန်း၊မြင်းပေါက်၊ ဝက်ဖိုး နှင့် ရွာမိဿာ စသည့် ကျေးရွာများ မှ ဒေသခံ ပြည်သူ ဦးရေ  ၁၀,၀၀၀ နီးပါးသည် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း ဒေသခံများထံက သိရသည်။

ပုံအညွှန်း - ပြည်သူများဘေးလွတ်ရာသို့ စစ်ရှောင်နေကြရစဉ်(ဓာတ်ပုံ-ပေးပို့)

“မိုးထဲရေထဲထွက်ပြေးနေကြရတော့ ပြည်သူတွေဒုက္ခရောက်ကြရတာပေါ့ဗျာ။  စစ်ရှောင်ပြည်သူပေါင်း ၁၀,၀၀၀ လောက် မိုးထဲ၊ရေထဲထွက်ပြေးနေကြရတယ်။  မိုးရွာလိုက်တော့ မူးဘောင်လမ်းတွေကလည်း မကောင်းဘူးဗျ  ။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ကို မနည်းရုန်းကန်ပြေးနေကြရတယ်” ဟု ကိုထူးခန့်ဇော် က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် အင်အား ၁၀၀ ခန့် ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ပုံအညွှန်း - ပြည်သူများဘေးလွတ်ရာသို့ စစ်ရှောင်နေကြရစဉ်(ဓာတ်ပုံ-ပေးပို့)

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ တွင်လည်း ရေဦးမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီ တပ်က  စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် သောင်းနှင့်ချီသည့် ပြည်သူများဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required