ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့  စစ်ကြောင်းထိုး၍ ဒေသခံများ တိမ်းရှောင်နေရ

By MTO (မဇ္ဈိမ)
21 July 2023
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့  စစ်ကြောင်းထိုး၍ ဒေသခံများ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်တောင်ခြမ်းရှိ ကျေးရွာများကို  ဇူလိုင်လ ၁၉ရက်နှင့် ၂၀ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံဦးရေ၁၀,၀၀၀ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကြောင်းလည်းထိုးနေသလို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒေသခံ သေဆုံးတာတွေရှိပါတယ်” ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ကိုထူးခန့်ဇော်က ပြောသည်။

ဇူလိုင်၁၉ရက်နှင့် ၂၀ရက်တို့တွင် ရေဦးမြို့နယ် တောင်ခြမ်းရှိ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက်ကျေးရွာများနှင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ လက်ဆည်၊ သပြေသာ၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ သစ်တုံ၊ ကုန်းကြီးကျေးရွာများမှ ဒေသခံ
များ  ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“ရေဦး တိုင်းရင်းဆေးရုံကနေ ၁၂၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တာမှာ ခင်ဦးနယ်အနောက်ခြမ်းထဲက ရွာတွေထဲ ကျပြီး အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လေးဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်ဗျ” ဟု ၎င်းကပြောသည်။

 အခြားဒေသခံ တစ်ဦးကလည်း “ဒီပဲယင်းကျေရွာအရှေ့ခြမ်းက ကျေးရွာတွေကတော့ ရွာတွေကို ပြန်ဝင်ကုန်ကြပြီ။ ရေဦးနယ်တောင် ဘက်ခြမ်းနဲ့ ခင်ဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကတော့ လက်နက်ကြီး အန္တရာယ်ကြောက်ရသေးလို့ ခုချိန်ထိ တိမ်းရှောင်နေကြရတယ်“ ဟု ပြောသည်။

ယနေ့ ဇူလိုင်လ  ၂၁ ရက်တွင် စစ်ကြောင်းရှင်းလင်းသွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ က လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာနိုင်သည့်အတွက် ကျေးရွာအချို့မှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required