တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

By KMN (မဇ္ဈိမ)
10 July 2023
တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
Photo - Cloud Wings

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ  တောင်ကလေးရဲစခန်းနှင့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

“ခလယ်တံခွန်တိုင် ရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား တဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမသို့ ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀ မမ၊ ၈၁ မမ ဗုံးသီး များဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲ တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။

တောင်ကလေးရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ဖောက်ခွဲတိုက်ခိုက်မှုတွင် 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး  တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်း စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းစစ်ရေးလူပ်ရှားမှုများအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့ တို့က ရှေ့ထွက်မိုင်းများ၊ ဒရုန်းဖြင့် ပစ်ခတ်ရသော ဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required