ဝက်လက်တွင် စစ်ကောင်စီတပ်က ဈေးသည် ၇  ဦးကို သတ်ဖြတ်သွားဟုဆို

By ရောင်နီ (မဇ္စျိမ)
06 July 2023
ဝက်လက်တွင် စစ်ကောင်စီတပ်က ဈေးသည် ၇  ဦးကို သတ်ဖြတ်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ နံနက် ‌၄နာရီခန့်က ဈေးရောင်းထွက်လာသော ဈေးသည် ခုနစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်သွားပြီး အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကိုလည်း ဖမ်း‌ဆီးသွားကြောင်း  ဒေသတွင်းသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။ 

ယနေ့ ဇူလိုင် ၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင်  ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းရွာသို့ ခြေလျင် စစ်ကြောင်း ထိုးလာခဲ့သော စစ်ကောင်စီတပ်က သမရိုးရွာထိပ်အရောက်တွင် ဈေးသည် ခုနစ်ဦးကို သတ်ဖြတ်သွားခြင်းဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။ 

“ သေဆုံးခဲ့သူတွေက အရပ်သားတွေချည်းပဲ။ သူတို့စစ်ကြောင်းဝင်လာတာကို ဘယ်သူမှ မသိလိုက်ဘူး။ စစ်တပ်က ရွာထဲ ဝင်တဲ့အချိန်ကစပြီး တောက်လျောက် ရမ်းပစ်လာတာ။ အဲ့အချိန် မနက်အစော စျေးထွက်ရောင်းတဲ့ စျေးသည်တွေနဲ့ ပြည်သူတွေထိကုန်တာပါ” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၃၀နှစ်မှ အသက် ၆၀ကြားရှိ ဈေးသည်  အမျိုးသမီး လေးဦး၊ အမျိုးသား သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။သေဆုံးသွားသူများမှာ သမားရိုးကျေးရွာမှဒေါ်နှင်းလှိုင်၊ဒေါ်အေးနုဝင်းနှင့် ဒေါ်မွေလီ၊ဦးဖိုးလွင်၊ ဦးသိန်းလှိုင်၊ကိုဝေမိုးနှင့် ကူးတို့ကိုင်းရွာမှဒေါ်ဖြူတို့ ဖြစ်ကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်ထားသည်။ 

" ဈေးသည်တွေက ဆိုင်ကယ်နဲ့ ဈေးထွက်ရောင်းကြတာပါ။ အခုသေဆုံးတာ အရပ်သားတွေချည်းပါပဲ" ဟု ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

 ထိုစစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါဝင်ပြီး  သမားရိုးတံတားပေါ်မှဖြတ်ကာဝက်လက်နှင့် တစ်ဆက်တည်းဖြစ်သော  အရာတော်မြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ လမ်းတလျှောက်ရှိ အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကိုလည်းဖမ်းဆီးသွားသည်ဟု ဆိုသည်။ ဖမ်းဆီးခံအရပ်သားများနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေတွင် ဝက်လက်နှင့် အရာတော်မြို့နယ်ကြားရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေပြီး  ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ညနေ ၅နာရီတွင် ရရှိသော သတင်းအရ အဆိုပါစစ်ကြောင်းသည် အရာတော်မြို့နယ်မှ ပျူစောထီးရွာဖြစ်သော ငွေတွင်းရွာတွင် ရောက်ရှိနေကြောင်း ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

စာတည်း- မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required