ဝက်လက်မြို့နယ် သုံးဆင့်ကန်ကျေးရွာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

By MTO (မဇ္ဈိမ)
14 July 2023
ဝက်လက်မြို့နယ် သုံးဆင့်ကန်ကျေးရွာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
ပုံစာ။       ။ သုံးဆင့်ကန်ကျေးရွာရှိ နေအိမ်များမီးရှို့ခံထားရပုံ ၊  ဓါတ်ပုံ - ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သုံးဆင့်ကန်ကျေးရွာကို ယမန်နေ့ ဇူလိုင်လ ၁၃ ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၄၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“၁၃ ရက်နေ့ မနက်ခင်း ၆ နာရီလောက်ရောက်တော့ သုံးဆင့်ကန်ရွာက အိမ်ခြေ ၁၄၀ လောက်ကို မီးရှို့တယ်၊ အဲ့မှာ သက်ကြီးရွယ်အို တစ်ယောက်မီးထဲပါသွားတယ်” ဟု ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုငြိမ်းချမ်းနိုင်က ပြောသည်။

ပုံစာ။       ။ သုံးဆင့်ကန်ကျေးရွာရှိ နေအိမ်များမီးရှို့ခံထားရပုံ ၊  ဓါတ်ပုံ - ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်မှ စတင်ကာ ဝက်လက်မြို့နယ်၊ သာလိုင်းကျေးရွာသို့ စတင်စစ်ကြောင်းထိုးလာပြီး ကျေးရွာအတွင်းရှိ အသက် ၆၀ နှစ် အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီးနောက် သုံးဆင့်ကန်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းတွင် သုံးဆင့်ကန်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် အငြိမ်းစားကျောင်းဆရာတစ်ဦးကို သတ်ဖြတ်ကာ ကျေးရွာအတွင်းမှ ထွက်ခွာသွားကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုငြိမ်းချမ်းနိုင်က ပြောသည်။

ပုံစာ။       ။ သုံးဆင့်ကန်ကျေးရွာရှိ နေအိမ်များမီးရှို့ခံထားရပုံ ၊  ဓါတ်ပုံ - ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

အဆိုပါစစ်ကြောင်းသည် ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်တွင် ပေါက်ကန်ကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီးနောက်  နံနက် ၁၀နာရီ ၂၅ မိနစ် အချိန်မှ စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးသွားကြောင်း Wetlet Information Network က သတင်းထုတ်ပြန်ထားသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ထန်းကြီးရွာတွင် ညအိပ်တပ်စွဲပြီးနောက် ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၈နာရီခန့်တွင် ခက်ခ အရှေ့ရွာနှင့် အနောက်ရွာတို့အား စစ်ကြောင်း နှစ်ကြောင်းခွဲ ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း Wetlet Information Network ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်မှစတင်ကာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ  ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required