မြင်းမူတွင် လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ခွဲကို ကာကွယ်ရေးတပ်ဖွဲ့ စုံစမ်း

By ပါခွီး(မဇ္စျိမ)
24 September 2023
မြင်းမူတွင် လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ခွဲကို ကာကွယ်ရေးတပ်ဖွဲ့ စုံစမ်း
ပုံအညွှန်း - မီးရှို့ခံရသည့် ယာဥ်များ (ဓါတ်ပုံ  - ပေးပို့) 37m

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်တွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅ဦးနှင့် ပြည်သူတဦး စုစုပေါင်း ၂၆ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် မြောင်မြို့သို့ ဝင်သွားသည့်  စစ်ကောင်စီတပ်၏ တပ်ရင်း၊ တပ်ခွဲ နံပါတ်ကို  စုံစမ်းနေကြောင်း မြင်းမူလင်းယုန်နက် အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ နောက်လည်း ဒီလိုအဖြစ်အပျက်မျိုးတွေကို ဘယ်အဖွဲ့အစည်း ဘယ်ရဲဘော်တွေကိုမှ ထပ်ပြီးမဖြစ်စေချင်တော့ဘူး။  ထပ်ပြီးတော့လည်း အဆုံးအရှုံး မခံနိုင်တော့တာ အမှန်ဗျ ။  စစ်ကောင်စီရဲ့ ကျူးလွန်ထားတဲ့ရာဇဝတ်မှုကိုတော့ ကျွန်တော်တို့အနေနဲ့က ဘယ်တပ်မ ၊ ဘယ်တပ်ရင်းဆိုတာကိုစုံစမ်းဖော်ထုတ်ပြီး အဆင့်ဆင့် တင်ပြအရေးယူသွားဖို့လည်း ကြိုးပမ်းနေပါတယ်“  ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၂၃ရက်နေ့ ည ၈ နာရီခန့်တွင် ဂွေးပင် တောရွာမှ အင်အား ၃၀ကျော်ပါသော စစ်ကောင်စီတပ်သည် မြောင်မြို့သွားသည့် လမ်း ကြော့မင်းနှင့် ခြေတော်ရာရွာအကြား  ထို ၂၆ ဦးအား စောင့်ကြိုဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မြင်းမူးမြို့နယ် ပြည်သူ့ကာကွယ်ယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံကဆိုသည်။

“ ကျွန်တော်တို့ အညာဘက်မှာ လက်နက်မပြည့်စုံမှုတွေအများကြီးပဲဗျ။  အဲ့ဒီအတွက် အသက်ပေးလိုက်ရတဲ့ရဲဘော်တွေလည်းအများကြီးရှိတယ်။

ပြည်သူလူထုအထောက်အပံ့ အစိုးရအထောက်အပံ့နဲ့ ပြည်ပအထောက်အပံ့တွေလိုအပ်ပါတယ်။  အခုကလည်း လက်လုပ်တွေနဲ့ပဲ တော်လှန်ရေးကိုဖော်ဆောင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့ ထ်ိရောက်တာချင်း စစ်ကောင်စီနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် လက်နက်ချင်းယှဥ်ရတဲ့အခါမျိုးဆိုရင် အရမ်းကို လိုအပ်နေပါတယ်” မြင်းမူလင်းယုန်နက် အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဂွေးပင်တောရွာ အခြေစိုက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ဒေသခံများကို ကယ်ထုတ်ပေးပြီး ခြေတော်ရာဘက်သို့ ရှောင်တိမ်းရန်ထွက်ခွာစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။

“ထော်လာဂျီနဲ့ လမ်းကို ကန့်လန့်ရပ်ပြီးပိတ်ဖမ်းတာ ၊ ဦးခေါင်းနဲ့ ရင်ဘတ်တွေကို ပစ်ထားတာတွေ့ရပါတယ်။  ကျွန်တော်တို့ ရဲဘော်တွေမှာ လက်လုပ်လေးတွေပဲ ပါသွားတော့ လက်လုပ်ဆိုတော့ဗျာ ဗြုန်းစားကြီးပြန်ပစ်လို့အဆင်မပြေဖြစ်ခဲ့တာ” ဟု ၎င်းက မဇ္စျိမ ကိုပြောသည်။

သတ်ဖြတ်ခံရသူများမှာ မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့  မှ ရဲဘော် ၁၈ဦး ၊ မြောင်မြို့နယ်အခြေစိုက်စစ်ကိုင်းခရိုင်တပ်ရင်း(၅) (MRA) မှ ရဲဘော်ငါးဦး ၊ စစ်ကိုင်းခရိုင်အမှတ်(၆) တပ်ရင်းမှ ရဲဘော်နှစ်ဦးနှင့် ပြည်သူတဦး ဖြစ်ကြောင်းသိရသည်။

 စစ်ကောင်စီတပ် စစ်ကြောင်းက ရဲဘော်များနှင့်ပြည်သူကို နေရာတွင်ပစ်သတ်ခဲ့ခြင်းဖြစ်ကာ  ၎င်းတို့၏ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များမီးရှို့ခံခဲ့ရပြီဂ လက်လုပ်သေနတ် ရှစ်လက်နှင့်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ ရကြောင်းသိရသည်။

“ရဲဘော်တွေကျဆုံးရတဲ့ အပေါ်မှာ နှမြောတယ်ဗျာ။ ရဲဘော်အားလုံးကို အလေးနီပြုပါတယ် ။ သူတို့ ဆက်ပြီး မထမ်းဆောင်နိုင်တော့တဲ့ တော်လှန်ရေးခရီးကို အဆုံးထိတိုင် လျှောက်လှမ်းပြီး ရဲဘော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ကျဆုံးခဲ့သူများကို စက်တင်ဘာ ၂၄ရက်နေ့မွန်းလွဲပိုင်းတွင် မိသားစုဝင်များ ၊ ဒေသခံများနှင့် ရဲဘော်များမှ သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly