ကန့်ဘလူမြို့နယ် မကျီးကုန်းရွာမှ နေအိမ် ၉ လုံးနှင့် စပါးတိုက် ၅ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး 

By ကိုခင်မောင် (မဇ္ဈိမ)
04 July 2023
ကန့်ဘလူမြို့နယ် မကျီးကုန်းရွာမှ နေအိမ် ၉ လုံးနှင့် စပါးတိုက် ၅ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး 
ဓာတ်ပုံ- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ မကျီးကုန်းကျေးရွာမှ နေအိမ် ကိုးလုံး နှင့် စပါးတိုက်ငါးလုံးကို ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအထိုင်စခန်းမှ ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မကျီးကုန်းကျေးရွာသို့ ရောက် ရှိလာကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ဆိုသည်။

“အဲဒီစစ်ကြောင်းကပဲ ချောင်းခြားရွာအနီးမှာရှိတဲ့ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပင့်သာတိုက်နယ်၊ ချောင်းခြားကျေးရွာအနီးရှိ စစ် ရှောင်တဲ ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းအထိ ကန့်ဘလူမြို့နယ်၊ ချောင်းခြားကျေးရွာ စာသင်ကျောင်းတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်  ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံတဦး အသတ်ခံခဲ့ရသည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်၏ မှတ်တမ်းများအရ သိရသည်။

ထို့ပြင် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စပါးတိုက် ၁၆လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required