သိုင်းငင်းကျေးရွာရှိ ပြည်သူများ လုံခြုံသောနေရာကို ပြောင်းရွှေ့ကြရန် CDF အသိပေး

By ပါခွီး (မဇ္စျိမ)
02 July 2023
သိုင်းငင်းကျေးရွာရှိ ပြည်သူများ လုံခြုံသောနေရာကို ပြောင်းရွှေ့ကြရန် CDF အသိပေး

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းကျေးရွာရှိ ပြည်သူများအနေဖြင့် လုံခြုံသောနေရာသို့ ရှောင်ရှားပေးကြပါရန် CDF – CDM SIYIN က ဇွန်လ ၃၀ရက်တွင် ထုတ်ပြန်သည်။

စီးယင်းနယ် သိုင်းငင်းကျေးရွာအတွင်းရှိ စစ်ကောင်စီကင်းစခန်းက  ပြည်သူများကို တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဟု စွပ်စွဲ၍ ဖမ်းဆီးမှုများ တစ်နေ့ထက်တစ်နေ့ များပြားလာနေကြောင်း ဆိုသည်။

“အဲဒီကင်းစခန်းကတော်တော်ဆိုးတယ် ။ ကုန်တင်ကားတွေကိုလည်း အမျိုးမျိုး အကြောင်းပြ စစ်ဆေး ငွေတောင်း ငွေညှစ်တာတွေလုပ်တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ခရီးသွားပြည်သူများကို တော်လှန်ရေးတပ်သားများဟု စွပ်စွဲခြင်း ၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုစွပ်စွဲ၍ ဖမ်းဆီးခြင်းများရှိကြောင်း ဆိုသည်။

ယင်းသို့အခြေအနေများ ဖြစ်ပေါ်နေသည့်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက  လက်ပိုက်ကြည့်နေတော့မည်မဟုတ်ကြောင်း CDF – CDM SIYIN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ကြေညာချက်ထွက်ပေါ်လာပြီးနောက် သိုင်းငင်းကျေးရွာကို ကလေးမြို့ရှိ စစ်ကောင်စီတပ်သား ၆၀ ခန့်ဖြင့် ဇူလိုင်လ ၁ရက်တွင် အင်အားဖြည့်တင်းထားကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။

သိုင်းငင်းရွာသည် ကလေးမြို့နှင့် ၃ နာရီခန့် ကားဖြင့်သွားရသော အိန္ဒိယ - မြန်မာနယ်စပ်သွား ကားလမ်းမပေါ်တွင် တည်ရှိသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ခရီးသွားများနှင့် ကုန်သည်များအနေဖြင့် သတိထားသွားလာကြရန် ပြည်သူများအား သတိပေးပြောဆိုမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly