ကောလင်းမြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးသေဆုံး

By ကိုခင်မောင် (မဇ္စျိမ)
01 July 2023
ကောလင်းမြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလေးဦးသေဆုံး၍ လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း Dutiful Citizens Team ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၃၀ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် ကောလင်းထွေအုပ်ရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ကောလင်းမြို့ပေါ်သို့ ပစ်ခတ်ခဲ့ရာ ကျော်ဇေယျာရပ်ကွက်၊ ဘုန်းကြီးကျောင်းအနီးရှိ ဦးမြင့်ထူး၏ နေအိမ် နှင့် မဇာခြည်ဦးတို့ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀နှစ်အရွယ် ဦးမြင့်ထူး၊ ၎င်း၏ဇနီး၊ ၎င်း၏ အသက် ရှစ်နှစ်အရွယ် မြေးဖြစ်သူနှင့် အသက် ၄၃နှစ်အရွယ် မဇာခြည်ဦးတို့  နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“အလောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရင်ခွဲရုံပို့ထားတယ်။ ကလေးလေးက တစ်ကိုယ်လုံးစုတ်ပြတ်သွားတယ်။ နောက်တစ်ယောက်က အူတွေပဲ ကျန်ခဲ့တယ်” ဟု Dutiful Citizens Team မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

ယမန်နေ့ ဇွန်လ ၃၀ရက် ည ၇ နာရီအချိန်ခန့်တွင် ကိုးတောင်ဘို့ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းတစ်နေရာအား ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ပွဲသို့ ကောလင်းထွေအုပ်ရုံးအတွင်းရှိ စစ်ကောင်စီတပ်များမှ စစ်ကူမသွားရောက်နိုင်သဖြင့် လက်နက်ကြီးများဖြင့် ကောလင်းမြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု  ဒေသခံများထံမှ သိရသည်။

ဇွန်လ ၃၀ရက် နံနက်ပိုင်းအချိန်က ကောလင်းမြို့ရှိ ဖုန်းဆိုင်နှင့် စားသောက်ဆိုင်များ၌ CCTVများ  တပ်ဆင်ရန်   ဆိုင်ရှင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက  လိုက်လံပြောဆိုခဲ့ကြသေးသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ကောလင်းမြို့ KBZ ဘဏ်(၂)အနီး၌ ကင်းချိန်းပြီး ပြန်လာသည့်   စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  The  Secret Warrior Kawlin အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required