မင်းကင်းနှင့်ကလေး၀မြို့ကြားတိုက်ပွဲပြင်းထန်၊  စစ်ကောင်စီ ထိခိုက်မှုများဟုဆို

By MTO (မဇ္စျိမ)
29 June 2023
မင်းကင်းနှင့်ကလေး၀မြို့ကြားတိုက်ပွဲပြင်းထန်၊  စစ်ကောင်စီ ထိခိုက်မှုများဟုဆို

စစ်ကိုင်းတိုင်း၊ မင်းကင်းနှင့်ကလေး ၀မြို့ကြားရှိ ညောင်ဂျပ်ရွာအနီးတွင် ယမန်နေ့ ဇွန်လ ၂၈ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။ 

ညောင်ဂျပ်ရွာအနီးတွင် ယမန်နေ့ နံနက် ၈နာရီခန့်မှစ၍  တိုက်ပွဲဖြစ်ခဲ့ခြင်းဟု မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

“သူတို့ ဘက်က ၁၅ ယောက်ထက်မနည်းထိခိုက်မှုရှိတယ်လို့ သိထားပါတယ်။ အတိအကျတော့ ကျတော်တို့ လည်းမပြောနိင်ဘူး” ဟု ၎င်းကပြောသည်။ 

စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ပြီး 
တိုက်ပွဲသည်  ၃နာရီခန့်ကြာခဲ့သည်ဟု သိရသည်။ စစ်ကောင်စီဘက်မှ အထိနာခဲ့သောကြောင့် တိုက်ပွဲဖြစ်ရာနေရာအနီးမှ သာစည်ရွာကို စစ်ကောင်စီစစ်ကြောင်းက  ယနေ့ ဇွန်လ ၂၉ရက် နေ့လည်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းစစ်ကြောင်းသည်ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့ က ကလေး၀မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကျအဆုံးများခဲ့သည့် စစ်ကြောင်းဟုမင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ ထိုစစ်ကြောင်းသည် ကလေးဝနှင့် မင်းကင်း ဒေသတွင် ဆက်ရှိနေပြီး အရပ်သာများနေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ သုံးရွာထက်မနည်း စစ်ဘေးရှောင်နေရသည်ဟု မင်းကင်းမြို့ခံအချို့ကပြောသည်။
 
ဇွန်က ၁၆ရက်က စခန်းကြီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူစာရင်းကို မဖော်ပြသော်လည်း  စစ်ကောင်စီကားနှစ်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး  MA-(11) နှစ်လက်၊ G-3 နှစ်လက်၊ MA-11 ကျည်ဘောက် သုံးခု၊ G-3 ကျည်ဘောက် ခြောက်ခု၊ MG (3) ငါးကြင်းမြှီး တစ်လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း တစ်လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူးငါးလုံး၊ အီနာဂါ ဗုံးသီးငါး လုံး၊ .38 Webly Wesson (၆)လုံးပြူးတစ်လက်၊ Jammer တစ်လုံး၊ M-14 နင်းမိုင်း နှစ်လုံး၊ လက်ပစ်ဗုံးအလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများ သိမ််းယူနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဇွန်လ ၂၈ရက်က တိုက်ပွဲသတင်းကိုမူ  မထုတ်ပြန်သေးပေ။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly