ယင်းမာပင်မြို့နယ်အတွင်း ၂ ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲ ၁ဦးသေ ၇ ဦးဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
23 June 2023
ယင်းမာပင်မြို့နယ်အတွင်း ၂ ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲ ၁ဦးသေ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲများကို မိုင်းနှစ်ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း Regional Friend Fighters (RFF) က ဇွန်လ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကောင်စီတပ်အင်အား ၃၀ခန့်နှင့် ယင်းမာပင်ခရိုင် ရဲတပ်ရင်း (၂၈) မှ ရဲ ၂၀ခန့်သည် မုံရွာ - ပုသိမ်လမ်းတစ်လျောက် ဇွန်လ ၂၂ရက် နံနက် ၆နာရီ ၃၀မှ စ၍ ကင်းများချထားခဲ့ကြောင်း ဆိုသည်။

ယင်းကင်းအဖွဲ့များမှ ရဲများသည် နံနက် ၇နာရီ ၃၀မိနစ်အချိန်တွင် မြောက်ယမားတံတားမြောက်ဘက်ထိပ်သို့ ရောက်ရှိချိန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရဲတွေက မိုင်းကွင်းကိုကွင်းပြီး တောလမ်းကနေတက်လာတာ တံတားနားရောက်တော့ ရမ်းသန်းပစ်ပြီးတက်လာတာ ရဲတစ်ယောက်ကတော့ မိုင်းပေါ်တက်နေတာ ခွဲလိုက်တော့ လွှင့်ထွက်သွားတာ၊ ကျန်တဲ့ သုံးယောက်က ၁၀ ပေအတွင်းထဲမှာရှိနေတော့ ဘယ်သူမှမလွတ်နိုင်ဘူး” ဟု RFF က တာဝန်ရှိသူ တစ်ဦးက မဇ္စျိမ ကို ပြောသည်။

ပထမအကြိမ်တွင် ပတ်လည်ကွဲ စလစ်အိုး သုံးလုံးမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ရဲတစ်ဦး လွှင့်စင်သွားပြီး အနီးရှိကျန်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။

၎င်းနောက် အနီးနားသို့ ရဲများရောက်လာပြီး လှုပ်ရှားနေချိန် လေးလက်မ နှင့် ခြောက်လက်မ ပြောင်းတိုက် နှစ်လုံးတွဲဖြင့် ဒုတိယအကြိမ်  ဖောက်ခွဲခဲ့ရာ ရဲသား လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းဆိုသည်။

နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ဒဏ်ရာအပြင်းထန်ရရှိသွား သော ရဲသုံးဦးအား မြန်မာ - ယန်စီပိုင် မိုင်းမြို့ ဆေးရုံသို့ ပို့ဆောင်ပြီး အခြားဒဏ်ရာရသည့် ရဲလေးဦးကို ရဲတပ်ရင်း အမှတ် (၂၈) ထဲသို့ ခေါ်ဆောင်သွားသည်ကို အတည်ပြု နိုင်ကြောင်း RFFထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ရဲစစ်ကြောင်းသည် ဝမ်ပေါင်ကြေးနီစီမံကိန်းသို့ အင်အားဖြည့်တင်းရန် သွားရောက်ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူကသုံးသပ်ပြောဆိုသည်။

ယင်းစစ်ကြောင်းကို ယင်းမာပင်မြို့နယ်အလွန် ဆားလင်းကြီးဘက်အခြမ်းတွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်းကြားသိရပြီး အသေးစိတ်အခြေအနေကိုမူ မဇ္စျိမအနေဖြင့်မသိရှိရသေးပေ။

စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာကတည်းက အနီးရှိရွာများမှ ဒေသခံများ စစ်တပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင်များမှလွဲ၍ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ယခု စစ်ကြောင်းထိုးလာသည့်အတွက် ကျေးစာကျ ၊ ဘိန်းနွယ်ချောင် ၊ ဂုဏ်တော ၊ ဒုန်းတောနှင့် ကံကုန်းကျေးရွာမှ ဒေသခံများတိမ်းရှောင်နေရကြောင်း ဆိုသည်။

ယင်းကျေးရွာများအပါအဝင် ဒေသတွင်းရှိကျေးရွာများမှာ ဝမ်ပေါင်သို့ ရိက္ခာပစ္စည်း တင်သွင်းသည့်အချိန် ၊ ကြေးနီးများသယ်ယူချိန်နှင့် ဝမ်ပေါင်မှ ဝန်ထမ်းတရုတ်များ ပြန်သည့်အချိန်များတွင် စစ်ကောင်စီတပ်သားများက ကျေးရွာများအတွင်း လက်နက်ကြီးငယ်များပစ်ဖောက်၍ ဝင်ရောက်တတ်သဖြင့် တစ်လလျှင် သုံးကြိမ်ခန့် စစ်ဘေးတိမ်းရှောင်ရလေ့ရှိကြောင်း RFF တာဝန်ရှိသူထံက သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required