မူဆယ်မြို့တွင် စစ်ကောင်စီ၏ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရ၊ ပြည်သူ့စစ် အဖွဲ့ဝင် သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
23 June 2023
မူဆယ်မြို့တွင် စစ်ကောင်စီ၏ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရ၊ ပြည်သူ့စစ် အဖွဲ့ဝင် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ စက်မှုဇုန်လမ်းခွဲ၊ ဟိုနား အ.ထ.က ကျောင်းအနီးတွင်  ဇွန်လ ၂၂ ရက် ညနေ ၆ နာရီကျော်အချိန်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်များ စီးနင်းလာသည့် လုံခြုံရေး ကင်းလှည့်ကား ပစ်ခတ်ခံရ၍ ပြည်သူ့စစ်တစ်ဦး သေဆုံးကာ တစ်ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။

“ကင်းလှည့်နေတာကို လာပစ်တာ။ ပြည်သူ့စစ်နှစ်ယောက်ထိတယ်။ တစ်ယောက်တော့ သေသွားတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး လာရောက်ပစ်ခတ်သည့် အမည်မသိ လက်နက်ကိုင်အဖွဲ့တွင် ပါဝင်သူတစ်ဦးလည်း သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

“လာပစ်တဲ့အဖွဲ့ထဲကလည်း တယောက်သေတယ်။ ကျောင်းထဲဝင်ပြေးလို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်ဘက်က လိုက်ပစ်တာပါ”ဟု ဒေသခံကပြောသည်။

အဆိုပါပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ မဇ္ဈိမက အတည်မပြုနိုင်သေးပေ။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အနီးရှိ နေအိမ်တစ်အိမ်မှ ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက် ည ၉နာရီအချိန်ခန့်ကလည်း မူဆယ်မြို့၊ ချယ်ရီလမ်းတွင် မိသားစုငါးဦး လိုက်ပါစီးနင်းလာသည့်ကား ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ 

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက် နံနက်ပိုင်းကလည်း မူဆယ်မြို့၊ စက်မှုရပ်ကွက်၊ မင်းထိပ်ခေါင်(၃) လက်ဖက်ရည်ဆိုင်တွင် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့၏ လုံခြုံရေးတာဝန်ခံ ကိုလတ်ဆိုသူ ပစ်ခတ်ခံရ၍ နေရာတွင် သေဆုံးခဲ့ပြီး ပစ်ခတ်သူများအား ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly