ချင်းပြည်နယ်ရှိ လိုင်းလွန်ဆေးရုံတွင် ၁ လကျော်အတွင်း လူနာ ၂၀၀ ကျော်ကို ကုသပေး

By ပါခွီး (မဇ္စျိမ)
22 June 2023
ချင်းပြည်နယ်ရှိ လိုင်းလွန်ဆေးရုံတွင် ၁ လကျော်အတွင်း လူနာ ၂၀၀ ကျော်ကို ကုသပေး

ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဆေးရုံဖွင့်လှစ်အပြီး  တစ်လကျော်အတွင်း လူနာ ၂၀၀ ကျော်ကိုကုသမှုပေးခဲ့နိုင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်သည်။

မေလ ၁၂ ရက်နေ့တွင် လိုင်းလွန် (Lailun) ကုတင် (၂၀) ခန့်ဆေးရုံကိုဖွင့်လှစ်ခဲ့ပြီး စတင်ကုသပေးရာ ဇွန်လ ၂၀ ရက်နေ့အထိ ပြည်သူ ၂၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

“ အခုလောလောဆယ်မှာတော့ (အထွေထွေ) General အနေနဲ့ပဲလုပ်နိုင်သေးတယ်။ OPD နဲ့ အရေးပေါ်ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ် ” ဟု ICA တာဝန်ရှိသူတစ်ဦး က မဇ္စျိမကိုပြောသည်။

အဆိုပါဆေးရုံတွင် အချိန်ပြည့်သူနာပြုနှစ်ဦး၊ အချိန်ပိုင်းသူနာပြုသုံးဦး၊  ဆရာဝန်တစ်ဦးနှင့် သားဖွားဆရာမတစ်ဦး စုစုပေါင်း ရှစ်ဦးဖြင့် ဆေးဝါးကုသပေးလျက် ရှိကြောင်းဆိုသည်။

လိုင်းလွန်ဆေးရုံတွင် ဆရာဝန်စမ်းသပ်ခကိုအခမဲ့ပြုလုပ်ပေးထားပြီး ဆေးဝါးခကိုတန်ဖိုး၏ တစ်ဝက်ကိုသာပေးချေရန်လိုအပ်ကြောင်း ပြောသည်။

ခွဲစိတ်ကုသမှုပြုလုပ်ရန် အဆောက်အအုံလိုအပ်ချက်ရှိနေပြီး ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရန်အတွက် ဝန်ထမ်းအင်အားများလည်းလိုအပ်နေသေးကြောင်း ICA တာဝန်ရှိသူကဆိုသည်။

ထို့ပြင် ရေရှည်ရပ်တည်နိုင်ရန် ရန်ပုံငွေများလည်းလိုအပ်နိုင်ပြီး လတ်တလောတွင် ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ ရန်ပုံငွေများကို အဓိကအသုံးပြုလျက်ရှိကြောင်းသိရသည်။

လက်ရှိတွင် ဆရာဝန်နှင့် ကျန်မာရေးဝန်ထမ်းများသည် စေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေပြီး ၎င်းတို့အား ထောက်ပံ့ကြေးသဘောမျိုးဖြင့် အနည်းငယ်ကိုသာ အကူအညီပေးနိုင်ကြောင်း ဆိုသည်။

စစ်ကောင်စီမှအာဏာသိမ်းပြီးနောက်ပိုင်း ဖလမ်းမြို့နယ်တစ်နေရာတွင်လည်း စေတနာ့ဆေးခန်း ဖွင့်လှစ်ထားပြီး လူနာဦး‌ေရပေါင်း ၇,၀၀၀ ကျော်ကို ဆေးဝါးကုသပေးနိုင်ခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့်မြို့ပေါ်တွင် ဆေးဝါးကုသခံယူရန် အဆင်မပြေဖြစ်လျက်ရှိသဖြင့် အရေးပေါ်အခြေအနေမျိုးတွင်ကုသမှုခံယူနိုင်ရန် အဖွဲ့ချုပ်အနေဖြင့် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြန်နယ်တွင်လည်း ကျန်ဖိုင်းခရိုင်၊ ဇိုးခွားထားလ်ရွာ၌ လိုင်းလွန် ဆေးခန်းဖွင့်လှစ်ထားပြီး စစ်ရှောင်များကို လစဉ်ရွေ့လျားဆေးခန်း (Mobile Clinic) အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။

ချင်းရေးရာအဖွဲ့ချုပ် (ICA) သည် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများအပြင် ပညာရေး၊ သုတေသနနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required