လှောင်အိမ်ထဲ ထိုးသတ်ကြရန် အီလွန်မတ်နှင့် မက်ဇူကာဘတ်တို့ သဘောတူ

လှောင်အိမ်ထဲ ထိုးသတ်ကြရန် အီလွန်မတ်နှင့် မက်ဇူကာဘတ်တို့ သဘောတူ

ကမ္ဘာ့ အထင်ကရ နည်းပညာ ဘီလျှံနာ ပုဂ္ဂိုလ်ကြီးနှစ်ဦးဖြစ်သော အီလွန်မတ်နှင့် မက်ဇူကာဘတ်တို့က လှောင်အိမ်တွင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ထိုးသတ်ပွဲကို ဆင်နွှဲကြရန် သဘောတူလိုက်ကြပြီ ဖြစ်သည်။

မက်ဇူကာဘတ်နှင့် “လှောင်အိမ်တွင်း ထိုးသတ်ပွဲ” အတွက် အဆင်သင့်ရှိနေကြောင်း အီလွန်မတ်က ၎င်း၏ လူမှုမီဒီယာ ပလက်ဖောင်း တွစ်တာတွင် သတင်းစကား ရေးတင်ခဲ့သည်။

ယင်းနောက်၌ ဖေ့ဘုတ်နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီ Meta ကို ပိုင်ဆိုင်သည့် ဇူကာဘတ်က အီလွန်မတ်၏ တွစ်တာပို့စ်ကို စက္ကရင်ရှော့ရိုက်ကာ “နေရာသာ ပြောပါ”ဆိုသော စာသားနှင့် ပို့စ်တင်ခဲ့သည်။

“ဒီ ဇာတ်လမ်းကို စောင့်ကြည့်ရမှာပဲ”ဟု Meta ပြောခွင့်ရသူတစ်ဦးက ဘီဘီစီသို့ ပြောသည်။

မက်ဇူကာဘတ်၏ တုံ့ပြန်ချက်ကို အီလွန်မတ်က ပြန်ကြားရာတွင် “Vegas Octragon” ဆိုသော နေရာကို ရေးသားခဲ့သည်။

The Ocatagon ဆိုသည်မှာ Ultimate Fighting Championship (UFC) ထိုးသတ်ပွဲများအတွက် ယှဉ်ပြိုင်ရာ ဆဌဂံပုံ စည်းရိုးခတ် နေရာဖြစ်သည်။ UFC ပွဲများကို နီဗားဒါးရှိ လက်စ်ဗီးဂတ်စ်တွင် အခြေစိုက်ခြင်း ဖြစ်သည်။

ယခုလ နှောင်းပိုင်း၌ အသက် ၅၂ နှစ်ပြည့်မည်ဖြစ်သော အီလွန်မတ်က “ကျွန်တော်က ကျွန်တော့်ပြိုင်ဖက်တွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အနေအထားမှာ ရှိနေတယ်”ဟုလည်း တွစ်တာ၌ ရေးသားသည်။

“ကျွန်တော်ဟာ ကျွန်တော်ကလေးတွေကို မြှောက်ချီပွေ့ဖက်တာကလွဲလို့ ကာယအားကစား မလုပ်သလောက်ပါပဲ”ဟုလည်း ၎င်းက ရေးသားသည်။

တစ်ချိန်တည်းမှာပင် အသက် ၃၉ နှစ်အရွယ် မက်ဇူကာဘတ်က Mixed Martial Arts (MMA) ကို သင်ကြားလျက် ရှိနေပြီး မကြာသေးခင်ကလည်း ဂျူဂျစ်ဆု ပြိုင်ပွဲ၌ ဆုရထားခဲ့သည်။

ထင်မြင်ချက် ပေးရန် ဆက်သွယ်မေးမြန်းချက်ကို တွစ်တာက ထုတ်ပြန်ချက် ပေးခြင်း မရှိပေ။

အဆိုပါ အပြန်အလှန် ရေးသားမှုများနှင့် ပတ်သက်ကာ လူမှုမီဒီယာ သုံးစွဲသူများကြား ပြန့်နှံ့နေပြီ မည်သူက ထိုးသတ်ပွဲ၌ အနိုင်ရမည်ဆိုခြင်းကို ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်စေသည်။ အချို့သောသူများကလည်း ထိုးသတ်ပွဲအတွက် ကြေညာပိုစတာများ အတုလုပ်ပြီး လှောင်ပြောင်ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly