မြန်မာအစိုးရသစ်အား ဂျပန်ဂုဏ်ပြု

မြန်မာအစိုးရသစ်အား ဂျပန်ဂုဏ်ပြု
သမ္မတဦးထင်ကျော် နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ကို ရန်ကုန်မြို့တွင် မတ် ၃၀ရက်က ဂုဏ်ပြုစဉ်။ (ဓာတ်ပုံ-အီးပီအေ)

သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ်အား ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါက ဂုဏ်ပြုစာလွှာ ပေးပို့ခဲ့ကြောင်း ဂျပန်အစိုးရက မတ် ၃၀ ရက်တွင် ထုတ်ပြန်သည်။

"ဒီမိုကရေစီလုပ်ငန်းစဉ်အရ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အစိုးရလွှဲပြောင်းမှုအတွက် ကျွန်တော်တို့ ဝမ်းမြောက်ရကြောင်း၊ ပြည်သူများ၏ ဆန္ဒသဘောထားများအရ နိုင်ငံအတွက် စာမျက်နှာသစ်ဖွင့်လှစ် လိုက်ခြင်းလည်းဖြစ်ကြောင်း" ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"မြန်မာနိုင်ငံ၏ ပြည်သူပိုင်နှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်စလုံးတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများတွင် ဂျပန်နိုင်ငံအနေဖြင့် ဆက်လက်ကူညီသွားပါမည်။ မြန်မာနိုင်ငံနှင့် ရှိမြဲမိတ်ဖက်ဆက်ဆံရေးနှင့် လက်တွဲဆက်ဆံမှုတို့ကို ပိုမိုခိုင်မာအောင် ကျွန်တော်တို့တွင် စိတ်ဆန္ဒရှိပါသည်။"ဟုလည်း ဖော်ပြထားသည်။

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်ရသူ ဦးထင်ကျော်သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ သမ္မတအဖြစ် မတ် ၃၀ ရက်က ကျမ်းသစ္စာဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်တွင် နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ ပညာရေးဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူသည်။

"သမ္မတဦးထင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ ခေါင်းဆောင်မှုအောက်တွင် ဒီမိုကရေစီဖော်ဆောင်ရေး၊ ဥပဒေစိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ တိုးတက်လာမည်ဟုလည်း ဂျပန်နိုင်ငံအနေဖြင့် ယုံကြည်ထားကြောင်း" ထုတ်ပြန်ချက်၌ ဂုဏ်ပြုဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly