ကားဖြင့်တိုက်မိသည့် ရဟန်းတော်အား ဆေးကုပေးမည်ဟုဆိုကာ ကားပေါ်ခေါ်တင်သွားပြီး ရဟန်းရုပ်ကလာပ်ကို သစ်ပင်အောက်စွန့်ပစ်ခဲ့သူ ဖမ်းမမိသေး

By 007 (မဇ္ဈိမ)
07 June 2023
ကားဖြင့်တိုက်မိသည့် ရဟန်းတော်အား ဆေးကုပေးမည်ဟုဆိုကာ ကားပေါ်ခေါ်တင်သွားပြီး ရဟန်းရုပ်ကလာပ်ကို သစ်ပင်အောက်စွန့်ပစ်ခဲ့သူ ဖမ်းမမိသေး

မန္တလေးမြို့တွင် ယမန်နေ့ ဇွန်လ ၆ ရက်က  ကားဖြင့်တိုက်မိသည့် ဆွမ်းခံကြွရဟန်းတစ်ပါးကို ထိုကားဆရာက ဆေးကုပေးမည်ဟုဆိုကာ ကားပေါ်ခေါ်တင်သွားခဲ့သည်။ 

ထို့နောက်  ကားတိုက်မှုကြောင့်  ပျံလွန်တော်မူသွားသည့် ထိုဆွမ်းခံကြွရဟန်း၏ ရုပ်ကလာပ်ကို ကားသမားက မန္တလေးတောင်ခြေအနီးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံထံက သိရသည်။  ထိုကားဆရာကို ယနေ့ ဇွန်လ ၇ ရက်အထိ ဖမ်းမမိသေးကြောင်း သိရသည်။​

ယမန်နေ့  နံနက် ၅ နာရီအချိန်ခန့်က မန္တလေးတောင်အနောက်ဘက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ဂေါက်ကွင်းအနီးတွင် ကားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

“ ဘုန်းကြီးကိုကားနဲ့တိုက်မိတော့ ကားသမားက ဆေးခန်းပို့ပေးမယ်ဆိုပြီး ကားပေါ်တင်သွားတယ်။  တစ်နေကုန်အဆက်အသွယ်မရလို့ မိသားစုတွေက လိုက်ရှာတော့ တောင်ခြေကသစ်ပင်တစ်ပင်အောက်မှာ အလောင်း(ရုပ်ကလာပ်)တွေ့တာပဲ။  သက်တော် ၉၀ကျော် အရွယ်ကြီးကိုမှ လုပ်ရက်တယ်ဗျာ” ဟု ရဟန်းတော်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကားတိုက်ခံရသည့်ရဟန်းတော်သည် သက်တော် ၉၃ နှစ်၊ ဝါတော် ၂၅ ဝါရှိနေပြီဖြစ်ကြောင်း၊  မန္တလေးတောင်ခြေအနီး ကျောင်းတိုက်တစ်ခုတွင် သီတင်းသုံးနေထိုင်ကြောင်း နှင့် အခင်းဖြစ်သည့်အချိန်က အတူနေ ရဟန်းတစ်ပါးနှင့်အတူ ဆွမ်းဖိတ် နေအိမ်တစ်ခုဆီ လမ်းလျှောက်ထွက်လာစဉ် ကားတိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ 

ရဟန်းတော်၏ မိသားစုဝင်တစ်ဦးက ကားတိုက်မှုကျူးလွန်ကာ ရုပ်ကလာပ်စွန့်ပစ်သွားသည့် ကားဆရာအား ကူညီရှာဖွေပေးရန် ၎င်း၏ လူမှုကွန်ရက်တွင် ကားနံပါတ်ကို ရိုက်ယူထားသည့် ဓာတ်ပုံနှင့်တကွ အကူအညီတောင်းခံထားသည်။

“ဘုန်းကြီးကသီလကောင်းတယ်ဗျ။  ဒီအရွယ်ကြီးနဲ့ မန္တလေးတောင် အဆင်း၊ အတက်လုပ်နိုင်သေးတယ်။ ဆွမ်းခံလည်းထွက်တယ် ။ App နဲ့ရိုက်ရှာကြည့်တဲ့အခါကျတော့ ကားက ပြည်ကြီးပျော်ဘွယ်(မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်ရပ်ကွက်)ထဲကဖြစ်နေတယ်။  App က Update ဖြစ်မဖြစ်တော့မသိဘူး။  နောက်တစ်ခုက နာမည်မပြောင်းဘဲ သက်တမ်းတိုးထားတဲ့ကားတွေမှအများကြီးပဲ။  အကောင်းဆုံးက ကညန မှာ သွားစစ်ပြီး၊ ရဲစခန်းမှာ အမှုဖွင့်တာ အကောင်းဆုံးပဲ” ဟု ရဟန်းတော်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရဟန်းတော်၏ ရုပ်ကလာပ်ကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဈာပနကို ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီအချိန်တွင် အေးရိပ်ငြိမ်သုဿန်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း  ကျန်ရစ်သူမိသားစုထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly