ဖားကန့်တွင် လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို  စစ်ကောင်စီက လူမြင်ကွင်း၌ စွန့်ပစ်သွားဟုဆို

By အဂမ်(မဇ္ဈိမ)
05 May 2023
ဖားကန့်တွင် လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို  စစ်ကောင်စီက လူမြင်ကွင်း၌ စွန့်ပစ်သွားဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊အေးမြသာယာရပ်ကွက်တစ်နေရာတွင်သေနတ်ဖြင့်  ပစ်သတ်ခံထားရသော လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့သည်ဟု ဒေသခံများကပြောသည်။

လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့၊ အေးမြသာယာရပ်ကွပ်၊ ရှရော်ခနှင့် မြောက်ဖြူရွာ လမ်းဆုံဆိုင်းဘုတ်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က  ယနေ့‌ မေလ ၅ရက်နံနက် ၃ နာရီခန့်တွင် စွန့်ပစ်သွားခြင်းဟု အမည်မဖော်လိုသည့် ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“လူငယ်နှစ်ယောက် ဟုတ်တယ်။ အသတ်ခံရတာ။ ဒီမ နက် ၃ နာရီလောက်မှာ သေနတ်သံတွေလည်း ကြားရတယ်။ အခုတော့ အလောင်းတွေ့တဲ့နေရာနားက ကုမ္မဏီဝင်းမှာ သူတို့ (စစ်တပ်) နေနေတယ်။ သူတို့က ဖမ်းထားတဲ့အထဲက ပစ်သတ်ပြီးတော့ အလောင်းလာပစ်သွားတာ ဖြစ်နိုင်တယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်သည် ယမန်နေ့ မေလ ၄ရက်ညနေက လူငယ်လေးဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခြင်းဟု ပြောသည်။ လူမြင်ကွင်းတွင် စွန့်ပစ်သွားခြင်းက ဒေသခံများကို ကြောက်လန့်အောင် တမင်လုပ်ခြင်းဟု ၎င်းက သုံးသပ်သည်။

အသတ်ခံရသူ လူငယ်နှစ်ဦးမှာ မည်သူမည်ဝါဖြစ် သည်ကို မဇ္ဓျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။  သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအဖွဲ့များက  ဖားကန့်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့်  မေ ၁ ရက်နေ့ကလည်း  သေနတ်ဖြင့် ပစ်သတ်ခံရထားရသည့် လူငယ်တစ်ဦး၏ ရုပ်အ‌လောင်းတစ်‌လောင်းကို ဖားကန့်မြို့၊ မရှီကထောင် ကြိုးတံတားထိပ်၌ စစ်ကောင်စီတပ်ဖွဲ့က လာရောက်ပစ်ချသွားခဲ့ကြောင်း ဒေသခံများကပြောသည်။ထို့အပြင် မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ဧပြီလ ၂၃ရက်နံနက်အစောပိုင်းက  စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင်နှင့် ကျောက်စိမ်းလုပ်ငန်းရှင်လေးဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ဧပြီ ၂၄ရက် နံနက်တွင် PDF တစ်ဦးနှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ပြီး Happy KTV ရှေ့ အများပြည်သူမြင်ကွင်းတွင် ရုပ်အလောင်းကို လာချထားခဲ့သည်ဟု ဒေသခံများကပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးများ ပိုမိုလုပ်ဆောင်လာကာ ဒေသခံပြည်သူများနှင့် ရေမဆေးကျောက်ရှာဖွေသူများကို ရွာလုံးကျွတ် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင်လူသားဒိုင်းအဖြစ် စစ်ကြောင်းများတွင် အသုံးပြုခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ လက်ရှိတွင် လူငယ် ၁၅၀ ခန့်သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရဆဲဟု သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly