လမိုင်းတွင် စစ်ကောင်စီထောင်ထားသည့် မြေမြုပ်မိုင်းပေါက်ကွဲပြီး  အရပ်သား ၁ဦး အပြင်းအထန်ဒဏ်ရာရ

By ဂျူချန်း (မဇ္ဈိမ)
07 June 2023
လမိုင်းတွင် စစ်ကောင်စီထောင်ထားသည့် မြေမြုပ်မိုင်းပေါက်ကွဲပြီး  အရပ်သား ၁ဦး အပြင်းအထန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကြိုးတံတားကျေးရွာချောင်းအနီးတွင် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့်  အရပ်သားတစ်ဦး  ညာဘက်ခြေထောက် အပြင်းအထန်ဒဏ်ရာ ရသွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်စွဲထားသည့် ကြိုးတံတားကျေးရွာချောင်းအနီးတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀နာရီခွဲခန့်က မော့ကနင်ကျေးရွာမှ  ကိုချမ်းမွန်သည် မြေမြုပ်မိုင်းနင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူ့(ကိုချမ်းမွန်)ညာခြေထောက်က ကြေမွသွားတာ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ကိုချမ်းမွန် သည် ခြေထောက်နှစ်ဖက်စလုံးတွင် မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး ညာခြေထောက်မှာ ဒဏ်ရာပြင်းထန်၍  ဖြတ်တောက်ခံရဖွယ် ရှိကြောင်း သိရသည်။၎င်းအား လူမှုကူညီရေးအသင်းများက လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါကြိုးတံတားချောင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ဒေသခံများကပြောသည်။
ဒေသခံအရပ်သားများသည် မကြာခဏ မိုင်းနင်းမိနေပြီး ထိခိုက်ဒဏ်ရာရမှုများရှိနေသည်။

ထိုနေရာပတ်ဝန်းကျင်တွင်  မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ်နှင့် ယခု ဇွန်လတွင်တစ်ကြိမ် စုစုပေါင်း အရပ်သား ငါးဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ မိုင်း‌ပေါက်ကွဲမှုများအတွက် စစ်ကောင်စီက တာဝန်ယူ‌ဖြေရှင်းပေးခြင်းလည်း မရှိကြောင်း  ဒေသခံများကပြောသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required