မက်ဒရစ်မှ ထွက်ခွာရတာက 'နာကျင်ရတယ်'လို့ ဆော်ဒီအပြောင်းအရွှေ့မတိုင်ခင် ဘန်ဇီမာ ဝန်ခံ

မက်ဒရစ်မှ ထွက်ခွာရတာက 'နာကျင်ရတယ်'လို့ ဆော်ဒီအပြောင်းအရွှေ့မတိုင်ခင် ဘန်ဇီမာ ဝန်ခံ

ကာရင် ဘန်ဇီမာက ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာရတာက "နာကျင်ရတယ်"လို့ ဆော်ဒီအာရေးဗီးယားရဲ့ အလ်-အီတီဟဒ်အသင်းကို မပြောင်းရွှေ့ခင် အင်္ဂါနေ့က နှုတ်ဆက်ပွဲမှာ ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့် ရာသီကစလို့ သုံးနှစ်စာချုပ်နဲ့ ဂျဒ်ဒါ အခြေစိုက်အသင်းနဲ့ လက်မှတ်ရေးထိုးခဲ့ကြောင်း ဆော်ဒီကလပ်သတင်းရင်းမြစ်တစ်ခုက AFP ကို အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

"ဒါဟာ အနည်းငယ် ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ၊ ကျနော် ဒီအသင်းကနေ ထွက်ခွာတော့မှာ ဖြစ်လို့ နာကျင်ရတယ်။ ကျနော့် ခေါင်းထဲမှာ မက်ဒရစ်အတွက် စာချုပ်ချုပ်ဆိုဖို့နဲ့ မက်ဒရစ်မှာ ပြီးဆုံးဖို့ အိပ်မက်တစ်ခု မက်နေခဲ့တာကြောင့်ပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဘဝက ခင်ဗျာကို တခြားအခွင့်အရေးတွေ ပေးစွမ်းနိုင်တယ်"လို့ ဘန်ဇီမာက မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ နှုတ်ဆက်ပွဲအတွင်း ပြောဆိုချက်မှာ ပြောပါတယ်။

"ကျနော်က မက်ဒရစ်ရဲ့ပွဲတွေကို အမြဲစောင့်ကြည့်နေမှာပါ၊ ပွဲကောင်းတွေ ကစားဖို့ ကျနော့်ကို တွန်းအားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။"

ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၀၉ မှာ လီဂူး-၁ ကလပ် လိုင်ယွန်ကနေ မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာပါ။

ဘန်ဇီမာဟာ မက်ဒရစ်အတွက် ၆၄၈ ပွဲကစားကာ ၃၅၄ ဂိုးနဲ့ ရီးယဲလ်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးစာရင်းမှာ ဒုတိယနေရာက ရပ်တည်နေပြီး သူ့အထက်မှာ ရော်နယ်လ်ဒိုတစ်ဦးတည်းသာ ရှိပါတယ်။

သူဟာ ချန်ပီယံလိဂ် ၅ ကြိမ်၊ လာလီဂါ ၄ ကြိမ်နဲ့ စပိန့်ဘုရင်ဖလား ၃ ကြိမ် ဆွတ်ခူးခဲ့ပြီး လက်ရှိ ဘလွန်းဒီအောကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ဘန်ဇီမာက သူ့ကို ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ခေါ်ယူခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

"ဥက္ကဋ္ဌကြီးကိုတွေ့တုန်းက ဇီဇိုး(ဇီနဒင်း ဇီဒန်း)နဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူလာခဲ့တဲ့ လူကြီးလို့ ကျနော် ပြောခဲ့တယ်၊ အခုတော့ သူက ကျနော့်ကို သူ့အသင်းမှာ လိုချင်နေတယ်"လို့ ဘန်ဇီမာက ပြောပါတယ်။

"ကျနော် ရီးရဲလ်မက်ဒရစ်ကို ဘယ်တော့မှ မမေ့ပါဘူး၊ ဒါဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးကလပ်ပါ၊ ဒါပေမယ့် အခုအချိန်က ခွဲခွာဖို့နဲ့ နောက်ထပ်ဇာတ်လမ်းတစ်ခုကို ကြည့်ရမယ့် အခိုက်အတန့်ပါပဲ။"

ပီရက်ဇ်က လွန်ခဲ့တဲ့ ၁၄ နှစ်အတွင်း သူ့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဘန်ဇီမာကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

"ဒီနေ့ တခြားကစားသမားတစ်ယောက် ထွက်ခွာသွားနေတာမျိုး မဟုတ်ပါဘူး၊ ဒီကနေ့ ငါတို့ သမိုင်းမှာ မယုံနိုင်စရာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးကို နှုတ်ဆက်နေတာပါ"လို့ အသင်းဥက္ကဋ္ဌက ပြောပါတယ်၊

"မင်း ငါတို့ကို ပေးဆပ်ခဲ့တာ အားလုံးအတွက် ကျေးဇူးတင်တယ်၊ မင်းက ကောင်လေးတစ်ယောက်အနေနဲ့ ဒီကို ရောက်လာပြီး ဒီနေ့ မင်း ငါတို့ရဲ့ ဂန္တဝင်တွေထဲက တစ်ယောက်အနေနဲ့ ထွက်သွားတယ်"

တိုက်စစ်မှူးဟာ လာမယ့်ရာသီမှာ ဘယ်နေရာမှာ ကစားမယ်ဆိုတာကို ပြောဆိုထားခြင်း မရှိပေမယ့်လည်း ဘန်ဇီမာဟာ "သူရဲ့အပြောင်းအရွှေ့အတွက် သုံးနှစ်သက်တမ်း"စာချုပ်ချုပ်ဆိုခဲ့ကြောင်း အလ်-အီတီဟဒ်မှ သတင်းရင်းမြစ်တစ်ခုက AFPကို့ အင်္ဂါနေ့အစောပိုင်းမှာ ပြောပါတယ်။

တကယ်လို့ အပြောင်းအရွှေ့ကို အတည်ဖြစ်လာခဲ့မယ်ဆိုရင် ဘန်ဇီမာဟာ မနှစ်က ကမ္ဘာ့ဖလားအပြီးမှာ မန်ချက်စတာယူနိုက်တက်ကနေ အလ်နာဆင်ကို ခရစ္စတီယာနို ရော်နယ်လ်ဒို ပြောင်းရွှေ့လာပြီးနောက်သူ့ရဲ့ရီးယဲလ်အသင်းဖော်ဟောင်းနဲ့ ပင်လယ်ကွေ့နိုင်ငံမှာ တွေ့ဆုံမှာပါ။

နှစ်ရာသီကြာပြီးနောက် ပီအက်စ်ဂျီကနေ ထွက်ခွာမယ့် လီယွန်နယ် မက်ဆီဟာ ဆော်ဒီအာရေးဗီးယားကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေလည်း ရှိနေပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly