လုံခါရ်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး CDF ၁ ဦးကျဆုံး

By ပါခွီး (မဇ္စျိမ)
06 June 2023
လုံခါရ်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး CDF ၁ ဦးကျဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ ထန်တလန်မြို့နယ်ဖက်သို့ စစ်ကြောင်းထိုးသည့်အတွက် တိုက်ပွဲများပြင်းထန်နေကာ ဇွန်လ ၅ ရက်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားငါးဦး သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှတဦးကျဆုံး၊ တဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဟားခါးနှင့် ထန်တလန်အကြား သီးမစ်အောက်ပိုင်းရှိ လုံခါရ်တောင်ကိုအစွဲပြုပြီး ချင်းပူးပေါင်းတပ်ဖွဲ့များ က“လုံခါရ်စစ်ဆင်ရေး”ဟု အမည်ပေးထားသည့်တိုက်ပွဲများအတွင်း ဇွန်လ ၅ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင်  CDF – Zophai တပ်ဖွဲ့ မှ Salai Stanley Ngun Tha Kung (၂၂-နှစ်)  ကျဆုံးခဲ့ပြီး ချင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

“သူတို့က ဟားခါးဖက်ကနေ လက်နက်ကြီးနဲ့ပစ်ကူပြီး မြေပြင်ကတက်နိုင်အောင် လမ်းရှင်းပေးနေတဲ့ အနေအထားပါ။ တက်လိုက် ဆုတ်လိုက်ဖြစ်နေတယ်။ ကျနော်တို့ဖက်ကရဲဘော်က လက်နက်ကြီးကျည် ကြောင့်ကျခဲ့တာပါ” ဟု ချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။

သီးမစ်လွင်ပြင်ကို စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်း ထိုးလျက်ရှိပြီး သီးမစ်အောက်ပိုင်းမှ လုံခါရ်တောင်ကို စိုးမိုးနိုင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး သီးမစ်အပေါ်ပိုင်းတွင် မြေပြင် ထိတွေ့မှုမရှိသေးကြောင်း ဆိုသည်။ 

ချင်းပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီတပ်၏ လက်နက်နှင့်ကျည်များ မကြာခဏ တွေ့နေရကြောင်းလည်း ၎င်းကပြောကြားသည်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာ စိုးရိမ်ကြောက်လန့်ပြီး သေနတ်တွေကိုမသယ်နိုင်တော့ဘဲ အသက်လုထွက်ပြေး ကြတာ။ အဲဒီလို ကိုယ်လွတ်ရုန်းပြီးထွက်ပြေးတဲ့သူတွေကို လိုက်ပစ်လို့သေတဲ့သူတွေလည်းရှိတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးများတွင် လက်နက်ခဲယမ်းများသာမက အလောင်းဖျောက်ထားသည့် ကျင်းတူးမြှုပ်နှံထားသည့် နေရာ ၁၀ နေ ရာခန့်တွေ့ရှိခဲ့ရပြီး တိုက်ပွဲအတွင်းဖြစ်သည့်အတွက် ပြန်လည် တူးဖော်နိုင်ခြင်းမရှိသောကြောင့် အရေအတွက်ကို အသေးစိတ်မသိရှိရကြောင်း ဆိုသည်။

မေလ၂၆ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၅၀ ဦး ခန့်သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် ချင်းပူးပေါင်းတပ်ဖွဲ့ဖက်မှလည်း ၁၃ ဦး ကျဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိ ထားကြောင်းသိရသည်။

အကျအဆုံးများလျက်ရှိသော စစ်ကောင်စီတပ်သည် ဟားခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို အဓိကထား၍ လုပ်ဆောင်နေကြောင်းသိရှိရသည်။
စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများကို CNA နှင့်အတူ CDF–Hakha ၊ CDF–Thantlang ၊ CDF–Zophei နှင့် CDF–Lautu တို့ စုပေါင်းခုခံလျက်ရှိပြီး ဆက်လက်၍ တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း သိရသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required