ကျောက်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ် ဒရုန်းအသုံးပြု တိုက်ခိုက်

By သွင်ထူးဈာန်(ကော်သူးလေ)
04 June 2023
ကျောက်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ် ဒရုန်းအသုံးပြု တိုက်ခိုက်
ဓာတ်ပုံ KNU

ကရင်ပြည်နယ်၊ မြဝတီခရိုင် ကျောက်တောင်ဒေသ၌ ဖြစ်ပွားနေသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းအသုံးပြုကာ တော်လှန်ရေးတပ်ဖွဲ့များ၏ ကာကင်းစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ကော်ဘရာစစ်ကြောင်းထံက သိရသည်။

ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့ ထိန်းချုပ်ရာနေရာဖြစ်သည့် ကျောက်တောင်ဒေသကို စစ်ကောင်စီတပ်ဖွဲ့၏ တပ်မ (၄၄)၊ မ(၂)၊ခလရ(၂၇၅)၊ခမရ(၃၅၅)၊လ(၈)၊BGF(၁၀၁၉)တပ်ရင်း၊ခမရ(၁၁၈)၊သင်္ကန်းညီနောင်ဗျူဟာတို့က အင်းအားအများအပြားဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ 

“မဲကနယ်တိုက်ပွဲမှာစပြီး သူတို့ ဒရုန်းစသုံးလာတယ်။ ကျောက်မိုင်းတိုက်ပွဲမှာလည်း သုံးတယ်  အခုကျောက်တောင်မှာလည်း ဒရုန်းသုံးလာတာ ခပ်စိတ်စိတ်ဖြစ်လာတယ် ။ ကျနော်တို့သုံးသလို ၆၀တို့ ၁၂၀တို့ ဗုံးသီးတွေမဟုတ်ဘူး သေနတ်ထိပ်မှာ ထည့်ပစ်လို့ရတဲ့ အီနာဂါဗုံးသီးအသေးစားလေးတွေပါ”ဟု ရှေ့တန်းရောက်ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းအသုံးပြု တိုက်ခိုက်လာသော်လည်း အောင်မြင်မှုမရှိနိုင်ကြောင်း ကော်ဘရာစစ်ကြောင်း(၁)မှ  စစ်ကြောင်းမှူးက ပြောသည်။

 “ကျနော်တို့ ဒရုန်းသုံးတာကိုမြင်ပြီး ဒီကောင်တွေ အားသာနေတာပါဆိုပြီး ထင်နေလားမသိဘူး။  ကျနော်တို့က ကျနော်တို့ဗျူဟာနဲ့သွားတာ သူတို့ဘယ်လိုပဲ လိုက်လုပ်လုပ် ဘယ်လိုမှ မရဘူး။  သူတို့ ဒရုန်းသုံးတာ စိုးရိမ်စရာလည်း မရှိဘူး ကြောက်စရာလည်းမရှိဘူး”ဟု ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူးဗိုလ်စောကောက ပြောသည်။ 

မေလ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ကျောက်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ပြီး ခမရ(၁၁၈)တပ်ရင်းမှူးအပါအဝင်  ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဇွန်လ၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ကူပေးခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ရှိခဲ့သော်လည်း အထိအခိုက် အကျအဆုံးများကာ BGF စခန်းဖြစ်သည့် လက်ခတ်တောင် စခန်းကုန်းကို ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မေလပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေ တပ်မဟာ(၃)ရှိ ကျေးရွာများကို ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံများ၊စာသင်ကျောင်းများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required