လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သဖြင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် လေပြင်းတိုက်ခတ်နိုင်ဟု မိုးဇလပြော

By ဂျူချန်း(မဇ္ဈိမ)
01 June 2023
လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သဖြင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် လေပြင်းတိုက်ခတ်နိုင်ဟု မိုးဇလပြော

လာမည့် ဇွန်လ ၅ရက်နေ့မှ ၁၀ရက်နေ့အတွင်း ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေရှိရာ အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ကမ်းရိုးတန်းဒေသ၊ ကမ်းလွန်ပြင်လယ်ပြင်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးကြီးကာ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြောသည်။

“မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း၊ ကမ်းလွန် အဲ့ဒီနားမှာ ဖြစ်လာနိုင်တယ်ဆိုတော့ အဲ့ဒီနေရာတွေကတော့ သတိထားရမယ်။ ရခိုင်ကမ်းရိုးတန်း တလျှောက်ပေါ့နော်” ဟု မိုးဇလ ညွှန်ကြားရေးမှုး ဦးလှထွန်းက ပြောသည်။

လက်ရှိအနေအထားရ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ခြေရှိကြောင်းသာ ခန့်မှန်းနိုင်ပြီး မုန်တိုင်းအခြေအနေကို ခန့်မှန်းရန် စောနေသေးသဖြင့် ဆက်လက်စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ဇွန်လအတွင်းတွင် လေဖိအားနည်းရပ်ဝန်းကြောင့်လည်းကောင်း၊ မုတ်သုံလေအားကောင်းလာခြင်းကြောင့်လည်းကောင်း မိုးသည်းထန်စွာရွာနိုင်ပြီး ရုတ်တရက် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများရှိလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိထားသင့်ကြောင်း ဆိုသည်။

“မုန်တိုင်းဖြစ်မဖြစ်က လက်ရှိအနေအထားမှာ ပြောဖို့ စောသေးတယ်။ ၅ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်းမှာ ဖြစ်လာနိုင်ခြေရှိတယ်။  လေပြင်းတိုက်တာတွေရှိနိုင်တယ်ဆိုတော့ ပြည်သူတွေအနေနဲ့ သတိထားသင့်တယ်ပေါ့လေ။ လျှပ်တစ်ပြတ်ရေကြီးတာတွေလည်း ဖြစ်နိုင်တယ်” ဟု ဦးလှထွန်းက ပြောသည်။

အဆိုပါ လေထုမငြိမ်သက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေဖိအားနည်းရပ်ဝန်းနှင့် အားကောင်းသည့် မုတ်သုံလေကြောင့် ဇွန်လ ၅ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာတွင် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် တိုက်ခတ်နိုင်သည့် လေသည် တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်နှုန်းအတွင်းသာ ရှိနိုင်ပြီး ၎င်းလေတိုက်နှုန်းသည် သစ်ကိုင်းများကျိုးကျခြင်း၊ ထီးဖွင့်ဆောင်းရန် မလွယ်ကူခြင်းတို့ ဖြစ်နိုင်ကြောင်း ဆိုသည်။ 

လာမည့် ဇွန်လ ၉ ရက်နေ့ ညပိုင်းမှစတင်ကာ အင်အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် စစ်တွေမြို့ မြောက်ဘက် မိုင် ၆၀ အကွာ၊ မြန်မာ-ဘင်္ဂလားဒေ့ နယ်စပ်ကို  ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၁၈ မိုင်နှုန်းဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သောကြောင့် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ချောင်းပေါက်၊ ဒုသန်ဒါ၊ သပြေတော၊ ချပ်ပြင်၊ ဂွဆုံ၊ အောင်ဗလ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဖေါင်ကြား စသည့် နေရာမှ ဒေသခံများသည် ကြိုတင်ပြင်ဆင်ထားကြသင့်ကြောင်း မိုးလေဝသလေ့လာခန့်မှန်းသူ ဦးဝင်းနိုင်ကပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၊ ဦးကာကျေးရွာတွင် နေထိုင်သူတစ်ဦးက မိုခါ မုန်တိုင်းကြောင့် ၎င်းတို့ရွာတွင် နေအိမ် ၆၀၀ ကျော်ရှိသည့်အနက် နေအိမ် ၃၂ လုံးသာကျန်ခဲ့ပြီး ကျန်သည့်နေအိမ်များ ပျက်ဆီးခဲ့ရကာ လက်ရှိအချိန်အထိ ပြင်ဆင်နေရဆဲဖြစ်သောကြောင့် နောက်ထပ်မုန်တိုင်းဝင်လာမည်ကို စိုးရိမ်ပူပန်မိကြောင်း ဆိုသည်။
“ဟိုလကမှတိုက်သွားတာ နောက်ထပ်လာမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ ပြင်ပြီးတဲ့အိမ်တွေတော့ ပြင်ပြီးသွားပြီ။ တချို့ကဆင်းရဲတော့ မပြင်ရသေးဘူး” ဟု ဦးကာကျေးရွာနေထိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့သို့ ဗဟိုပြုကာ  ဝင်ရောက်ခဲ့သည့် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြို့နယ်တော်တော်များများတွင်း ၉၀ ရာခိုင်နှုန်းနှင့်အထက် ပျက်စီးခဲ့ရပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ထိခိုက်ပျက်ဆီးမှုများကို လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်နေကြဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly