တူရကီ၊ ထိုင်းနဲ့ မြန်မာ အစိုးရအကြီးအကဲ ရွေးချယ်ပွဲများ၊ ဒီမိုကရေစီ စံနှုန်းများကို ဆန်းစစ်ခြင်း

By ခင်မောင်၀င်း
31 May 2023
တူရကီ၊ ထိုင်းနဲ့ မြန်မာ အစိုးရအကြီးအကဲ ရွေးချယ်ပွဲများ၊ ဒီမိုကရေစီ စံနှုန်းများကို ဆန်းစစ်ခြင်း

 မေလ ၁၄ ရက်ကစလို့ ကမ္ဘာ့သတင်းတွေမှာ ထိပ်တန်းက နေရာခဲ့တဲ့ သတင်းတွေထဲ အဲဒီနေ့တစ်ရက်ထည်းမှာ အတူတူ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးချယ်တင်မြှောက်ပွဲနဲ့ တူရကီနိုင်ငံ သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အကြောင်းတွေ ပါ၀င်တယ်။ တရား၀င်ကြေညာခြင်းမရှိသေးပေမဲ့ ထိုင်းနိုင်ငံ ရွေးချယ်တင်မြှောက်ပွဲ ရလဒ်တွေကို ရွေးချယ်တင်မြှောက် ပွဲအပြီး ၂၄ နာရီအကြာ သိထားပြီးဖြစ်ပေမဲ့ တူရကီ သမ္မတ ရွေးချယ်တင်မြှောက်ပွဲက မေလ ၂၈ ရက်မှာ ဒုတိ ယအ ကျော့ ပြန်ရွေးရတာမို့ မေ ၁၄ ရက်ကစတဲ့ သမ္မတရွေးချယ်တင်မြှောက်ပွဲ နောက်ဆုံးရလဒ်ကို သီတင်း နှစ်ပတ်ကြာပြီး မှ သိရတယ်။ 

ရွေးချယ်တင်မြှောက်ပွဲရလဒ်တွေ သိထားပေမဲ့ ထိုင်းနိုင်ငံမှာက အစိုးရဖွဲ့စည်းရေး မသေချာ မရေရာသေးပါ။ တူရကီမှာ က ချက်ခြင်း သေချာရေရာစွာ သိနေရပါတယ်။ အဲဒီနှစ်နိုင်ငံက ရွေးချယ်တင်မြှောက်ပွဲတွေဟာ မြန်မာနိုင်ငံက အစိုးရ အကြီးအကဲ (head of government) ရွေးချယ် တင်မြှောက်ပွဲတွေနဲ့ နှိုင်းယှဥ် ဆွေးနွေးစရာ အများအပြားရှိပါတယ်။ သုံးနိုင်ငံက အစိုးရအကြီးအကဲရွေးတဲ့ ရွေးချယ်တင်မြှောက်ပွဲတွေရဲ့ ဒီမိုကရေစီစံနှုန်း ရှု့ထောင့်က သုံးသပ် ဆွေးနွေး ပါမယ်။ 

ရွေးချယ်တင်မြှောက်ပွဲတွေအကြောင်းဆွေးနွေးရာမှာ ဆက်စပ်နေတဲ့ မဖြစ်မနေ သိထားသင့်တဲ့ လက်ရှိ အခြေခံဥပဒေ တွေအရ ပုံဖေါ်ထားတဲ့ နိုင်ငံရေးစနစ်တွေအကြောင်း အကျဥ်းချုပ် ပထမဆုံး တင်ပြချင်ပါတယ်။ တူတာ၊ မတူတာ သိ ထားမှ နှိုင်းယှဥ်တဲ့အခါ ဆိုင်တာ၊ မဆိုင်တာသိပြီး ပန်းသီးနဲ့ လိမ္မော်သီး နှိုင်းယှဥ်တာမျိုး ဟုတ်မဟုတ် သိနိုင်မယ်။ 
 
တူရကီ နိုင်ငံရေးစနစ် - တူရကီဟာ နိုင်ငံတော်ဦးသျှောင် (head of state) ရာထူးကို အရွေးခံရသူက ရယူထားတာမို့ နိုင်ငံဦးသျှောင်ကို အခြေပြုသတ်မှတ်တဲ့ နိုင်ငံအမျိုးအစားအရ သမ္မတနိုင်ငံ (republic) ဖြစ်တယ်။ တစ်ဖန် သမ္မတကပဲ အစိုးရအကြီးအကဲ (head of government) ဖြစ်တာမို့ အုပ်ချုပ်ရေးအာဏာ ထိန်းချုပ်မှုကို အခြေပြုသတ်မှတ်တဲ့ အစိုးရအမျိုးအစားအရတော့ သမ္မတဦးဆောင်အစိုးရ (presidential type of government) ဖြစ်ပါတယ်။ သမ္မတ တစ်ဦးတည်းက နိုင်ငံတော်ဦးသျှောင်ရာထူးရော အစိုးရအကြီးအကဲရာထူး နှစ်ခုစလုံး တစ်ပြိုင်နက် တာ၀န်ယူပါတယ်။ သမ္မတဦးဆောင်အစိုးရစနစ်မှာ ၀န်ကြီးချုပ် (prime minister) ဆိုတာ မရှိပါ။ လက်အောက်ခံ ဒေသန္တရယူနစ် (constituent unit) တွေနဲ့ နိုင်ငံတော်အာဏာကို ခွဲ၀ေခြင်းမရှိဘဲ နိုင်ငံတော် အစိုးရကသာ အာဏာတွေကို အဓိက ကျင့်သုံးတဲ့အတွက် အာဏာခွဲ၀ေမှုသဘောအရ သတ်မှတ်တဲ့ နိုင်ငံအမျိုးအစားအရတော့ တစ်ပြည်ထောင်စနစ်နိုင် (unitary state) ဖြစ်ပါ တယ်။ ဥပဒေပြုအဖွဲ့ (legislature) မှာ လွှတ်တော်တစ်ရပ်သာရှိတာမို့ လွှတ်တော်တစ်ရပ် ဥပဒေပြုစနစ် (unicameralism) ဖြစ်ပါတယ်။ လွှတ်တော်အမတ် ၆၀၀ ရှိပြီး သက်တမ်းက ငါးနှစ်ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရအကြီးအကဲ ရွေးချယ်ရာမှာ ပါ၀င်ပတ်သက်ခွင့်မရှိကြပါ။

ထိုင်းနိုင်ငံရေးစနစ် - ထိုင်းနိုင်ငံမှာ ဆက်ခံသူက နိုင်ငံတော်ဦးသျှောင်ဖြစ်တဲ့အတွက် စည်းမျဥ်းခံဘုရင်စနစ် (constitutional monarchy) ဖြစ်ပါတယ်။၊ ပါလီမန်က ရွေးချယ်တဲ့ ၀န်ကြီးချုပ်က အစိုးရအဖွဲ့အကြီးအကဲဖြစ်တာမို့ အစိုးရအမျိုးအစားအရ ပါလီမန်ဒီမိုကရေစီအစိုးရစနစ် (parliamentary type of government) ဖြစ်တယ်။ ဒီစနစ်မှာ ၀န်ကြီးချုပ်ဟာ အုပ်ချုပ်ရေးအာဏာ အဓိကကျင့်သုံးသူပါ။ နိုင်ငံတော်ဦးသျှောင်နဲ့ အစိုးရ အကြီးအကဲ ရာထူးနှစ်ခုကို ပုဂ္ဂိုလ် နှစ်ဦး သီးခြားစီ တာ၀န်ယူပါတယ်။ လက်အောက်ခံ ဒေသန္တရယူနစ်တွေနဲ့ နိုင်ငံတော် အာဏာကို ခွဲ၀ေခြင်းမရှိတဲ့ အတွက် တစ်ပြည်ထောင်စနစ်နိုင်ငံဖြစ်တယ်။ ဥပဒေပြုအဖွဲ့မှာ လွှတ်တော်နှစ်ရပ် ရှိတဲ့အတွက် လွှတ်တော်နှစ်ရပ် ဥပဒေ ပြုစနစ် (bicameralism) ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အထက်လွှတ်တော် Senate မှာ အမတ် ၂၅၀ ဦး၊ အောက်လွှတ်တော် House of Representatives မှာ ၅၀၀ ဦး ပါ၀င်တယ်။ အထက်လွှတ်တော် အမတ်တွေကို ငါး နှစ်သက်တမ်းအတွက် ခန့်အပ်ပြီး အောက်လွတ် တော်အမတ်တွေကို ငါး နှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်ပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးက အမတ်တွေဟာ အစိုးရအကြီးအကဲကို ရွေးချယ်ရသူတွေပါ။ စုစုပေါင်း ၇၅၀ က ရွေးပါတယ်။

မြန်မာ့နိုင်ငံရေးစနစ် - မြန်မာနိုင်ငံဟာ ရွေးချယ်ခံရသူက နိုင်ငံတော်ဦးသျှောင်ဖြစ်လို့ သမ္မတနိုင်ငံ၊ တူရကီမှာလို သမ္မတ ကပဲ အစိုးရအကြီးအကဲဖြစ်လို့ သမ္မတဦးဆောင်အစိုးရ၊ လက်အောက်ခံ ဒေသန္တရယူနစ်တွေနဲ့ နိုင်ငံတော်အာဏာကို ခွဲ၀ေခြင်းမရှိတဲ့အတွက် တစ်ပြည်ထောင်စနစ်နိုင်ငံ၊ ဥပဒေပြုအဖွဲ့မှာ လွှတ်တော်နှစ်ရပ်ရှိတဲ့အတွက် လွှတ်တော်နှစ်ရပ် ဥပဒေပြုစနစ် ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ တူရကီမှာလိုပဲ သမ္မတတစ်ဦးထည်းက နိုင်ငံတော်ဦးသျှောင်လည်းဖြစ်၊ အစိုးရ အကြီးအကဲလည်း ဖြစ်ပါတယ်။ အထက်လွှတ်တော် အမျိုးသားလွှတ်တော်မှာ အမတ် ၂၂၄ ဦး၊ အောက်လွတ်တော် ပြည်သူ့လွှတ်တော်မှာ အမတ် ၄၄၀ ဦးရှိပါတယ်။ လွတ်တော် နှစ်ရပ်စလုံးအတွက် ငါးနှစ်တစ်ကြိမ် တစ်ပြိုင်နက် ရွေးချယ် ပါတယ်။ လွှတ်တော်နှစ်ရပ်က အမတ်အားလုံး အစိုးရအကြီးအကဲ သမ္မတရွေးချယ်ရာမှာ မဲပေးသူတွေပါ။ စုစုပေါင်း ၆၆၄ ဦးဖြစ်ပါတယ်။ 

အစိုးအကြီးအကဲ ရွေးချယ်တင်မြှောက်ပွဲတွေဟာ ဒီမိုကရေစီ အများဆုံးပါ၀င်ဖို့လို

နိုင်ငံတိုင်းမှာ ရွေးချယ်တင်မြှောက်ပွဲ (election) အမျိုးမျိုးရှိကြတယ်။ အဲဒီထဲမှာ နိုင်ငံရေးအရ အရေးကြီးဆုံး ရွေးချယ် တင်မြှောက်ပွဲဟာ အစိုးရအကြီးအကဲကိုရွေးတဲ့ ရွေးချယ်တင်မြှောက်ပွဲဖြစ်ပါတယ်။ အမေရိကန်၊ တူရကီ၊ ဖိလစ်ပိုင်၊ ဘရာဇီး စတဲ့နိုင်ငံတွေမှာ သမ္မတဦးဆောင်အစိုးရစနစ်ရှိတာမို့ သမ္မတရွေးချယ်တင်မြှောက်ပွဲဟာ နိုင်ငံရေးအရ၊ ဒီမို ကရေစီသဘောအရ အရေးပါဆုံးဖြစ်ပါတယ်။ ထို့အတူ ၀န်ကြီးချုပ်ရှိပြီး သမ္မတက အုပ်ချုပ်ရေး အာဏာ ပိုများတဲ့ ဆီမီး-သမ္မတဦးဆောင်အစိုးရ (semi-presidential type of government) ရှိတဲ့ ပြင်သစ်၊ ရုရှား၊ လစ်သူရေးနီးယား၊ ရိုမေးနီးယား၊ ပေါ်တူဂီ စတဲ့နိုင်ငံတွေမှာလည်း သမ္မတရွေးချယ်တင်မြှောက်ပွဲတွေဟာ နိုင်ငံရေးအရ အရေးအကြီး ဆုံးဖြစ်ပါတယ်။ 

ပါလီမန်ဒီမိုကရေစီနစ်ရှိတဲ့နိုင်ငံတွေမှ အစိုးရအကြီးအကဲဟာ ၀န်ကြီးချုပ် ဖြစ်ပါတယ်။ ၀န်းကြီးချုပ်နဲ့ ၀န်ကြီးတွေဟာ ပါလီမန်အောက်လွှတ်တော်မှာ အများစု (50 % ကျော်) အနိုင်ရတဲ့ပါတီ သို့မဟုတ် ပါတီညွန့်ပေါင်းထဲက ရွေးရတာ ဖြစ်လို့ ပါလီမန်ဒီမိုကရေစီစနစ်ရှိတဲ့ နိုင်ငံတွေမှာ ပါလီမန်အောက်လွှတ်တော် (Lower house of the parliament) ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ၊ ဒီမိုကရေစီ သဘောအရ အရေးပါဆုံးဖြစ်ပါတယ်။ ယူကေ၊ ဂျပန်၊ ဂျာမနီ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နော်၀ေး၊ ဆွီဒင်၊ စတဲ့ နိုင်ငံတွေမှာ ပါလီမန် ဒီမို ကရေစီစနစ် ရှိတာမို့ အဲဒီနိုင်ငံတွေမှာ ပါလီမန် အောက် လွှတ်တော် ရွေးချယ် တင်မြှောက်ပွဲဟာ အရေးအကြီးဆုံး ရွေးချယ်တင်မြှောက်ပွဲတွေဖြစ်ပါတယ်။ 

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်

လွှတ်တော်နှစ်ရပ် ဥပဒေပြုစနစ်ရှိတဲ့ နိုင်ငံတိုင်းမှာ လွှတ်တော်တစ်ရပ်ဟာ တစ်နိုင်ငံလုံးက ပြည်သူလူထုကို သွယ်၀ိုက် ဒီမိုကရေစီစနစ် (indirect democracy) အရ ကိုယ်စားပြုဖို့ ဖွဲ့စည်းထားပါတယ်။ အခြားတစ်ရပ်ကိုတော့ သက်ဆိုင် ရာနိုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်အရ ဖွဲ့စည်းကြတယ်။ ဖက်ဒရယ်နိုင်ငံဖြစ်ရင်တော့ ပြည်နယ်တွေကို ကိုယ်စားပြုဖို့ဖြစ် ပါတယ်။ တစ်ပြည်ထောင်စနစ်နိုင်ငံဆိုရင်တော့ တခြားနိုင်ငံရေးလိုအပ်ချက်အရပါ။ ယူကေမှာဆိုယင် အထက်လွှတ် တော် House of Lords ဟာ ဘုရင်၊ ဘုရင်မကြီးကို ကိုယ်စားပြုဖို့ဖြစ်ပါတယ်။ 

တစ်နိုင်ငံလုံးက ပြည်သူလူထုကို သွယ်၀ိုက်ဒီမိုကရေစီစနစ်အတွက် ကိုယ်စားပြုရတဲ့ လွှတ်တော်ကို အောက်လွှတ် တော် (lower house) လို့ နိုင်ငံရေးသိပ္ပံပညာအရ သတ်မှတ်ပါတယ်။ ကျန်လွှတ်တော် တစ်ရပ်က အထက်လွှတ်တော် (upper house) ဆိုတာ ဖြစ်သွားတယ်။ ဘယ်နိုင်ငံမဆို အထက်လွှတ်တော်အမတ်က အရေအတွက်နည်းတယ်။ အောက်လွှတ်တော်တွေက အမတ်အရေအတွက်များတယ်။ အထက်လွှတ်တော်အမတ်အရေအတွက်ထက် နှစ်ဆ ထက်မနည်း ရှိကြတယ်။ 

အောက်လွှတ်တော်အမတ်တွေကို နိုင်ငံတိုင်းမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တယ်။ အထက်လွှတ်တော် အ မတ်တွေကျတော့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်အပေါ်မူတည်ပြီး လူထုက ရွေးချယ်တာလည်း ရှိတယ် (ဥပမာ အမေရိကန်ပြည်ထောင်စု)၊ ခန့်အပ်တာလည်းရှိတယ် (ဥပမာ ထိုင်းနဲ့ ယူကေ)၊ ပြည်နယ်တွေက ရွေးချယ်တာလည်း ရှိတယ် (ဥပမာ ဂျာမနီ)။ နိုင်ငံအသီးသိးမှာ အောက်လွှတ်တော်၊ အထက်လွှတ်တော်တွေကို အမည်အမျိုးမျိုးနဲ့ ခေါ်လေ့ ရှိပေမဲ့ ခုနက တင်ပြခဲ့တဲ့ သဘောသဘာ၀အရ အောက်လွှတ်တော်လား၊ အထက်လွှတ်တော်လား ခွဲခြား နိုင်တယ်။ လွှတ်တော်တစ်ရပ် ဥပဒေပြုစနစ်ရှိတဲ့ နိုင်ငံဆိုယင် အဲဒီတစ်ရပ်တည်းသောလွှတ်တော်ဟာ လွှတ် တော်နှစ်ရပ်စနစ်က အောက်လွှတ်တော်နဲ့ ဖွဲ့စည်းမှုနဲ့ နိုင်ငံရေးတာ၀န် တူညီတယ်။ အကြမ်းဖျင်း ကမ္ဘာ့နိုင်ငံ သုံးပုံနှစ်ပုံ မှာ လွှတ်တော် နှစ်ရပ်စနစ်၊ ကျန်သုံးပုံတစ်ပုံမှာ လွှတ်တော် တစ်ရပ်စနစ် ကျင့်သုံးကြတယ်။ 

နိုင်ငံအသီးသီးမှာ ရွေးချယ်တင်မြှောက်ပွဲ အမျိုးမျိုးရှိတဲ့အနက် အထွေထွေရွေးချယ်တင်မြှောက်ပွဲ (general election) လို့ ပြောရင် အဲဒါဟာ လွှတ်တော်နှစ်ရပ်ဥပဒေပြုစနစ်မှာဆိုရင် အောက်လွှတ်တော် ရွေးကောက်ပွဲ၊ လွှတ်တော် တစ် ရပ်ဥပဒေပြုစနစ်မှာဆိုရင် အဲဒီတစ်ရပ်တည်းသောလွှတ်တော် ရွေးချယ်တင်မြှောက်ပွဲကို ပြောတာဖြစ်တယ်။ ထိုင်းမှာ လွှတ်တော် နှစ်ရပ်စနစ်ရှိလို့ အထွေထွေရွေးချယ်တင်မြှောက်ပွဲဆိုယင် အောက်လွှတ်တော် House of Representatives ရွေးချယ်တင် မြှောက်ပွဲဖြစ်တယ်။ မေလ ၁၄ ရက်နေ့က လုပ်သွားတဲ့ ရွေးချယ်တင်မြှောက်ပွဲပါ။ တူရကီက လွှတ်တော်တစ်ရပ်စနစ်ဖြစ်လို့ မေလ ၁၄ ရက်နေ့က သမ္မတ ရွေးချယ်တင်မြှောက်ပွဲနဲ့ အပြိုင်ကျင်းပတဲ့ အဲဒီ လွှတ်တော်ရွေးချယ်တင်မြှောက်ပွဲဟာ အထွေထွေရွေးချယ်တင် မြှောက်ပွဲဖြစ်ပါတယ်။

ပါလီမန်ဒီမိုကရေစီစနစ်မှာ အထွေထွေရွေးချယ်တင်မြှောက်ပွဲဟာ နိုင်ငံရေးအရ အရေးအကြီးဆုံးဖြစ်တယ်။ အထွေထွ ရွေးချယ်တင်မြှောက်ပွဲမှာ အများစု အနိုင်ရတဲ့ပါတီ သို့မဟုတ် ပါတီညွန့်ပေါင်းက အစိုးရဖွဲ့ခွင့်ရလို့ ဖြစ်ပါတယ်။ ပါလီ မန်ဒီမိုကရေစီ အစိုးရစနစ်ရှိတဲ့ နိုင်ငံတွေမှာ အထွေထွေရွေးချယ်တင်မြှောက်ပွဲဟာ အစိုးရအကြီးအကဲကို ပြည်သူလူထု က သွယ်ဝိုက်ရွေးချယ်ခြင်းလည်း ဖြစ်ပါတယ်။

အစိုးရအကြီးအကဲ ရွေးချယ်တင်မြှောက်ပွဲဟာ နိုင်ငံတိုင်းအတွက် နိုင်ငံရေးအရ အရေးကြီးဆုံးဖြစ်ပြီး ဒီမိုကရေစီ အများဆုံးပါ၀င်တဲ့နည်းနဲ့ ရွေးချယ်ကြပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ ရွေးရာမှာ မဲပေးခွင့်ရပြည်သူများအားလုံး ပါ၀င်ခွင့်ရဖို့ (universal suffrage)၊ ပေးလိုက်တဲ့ မဲပြားတိုင်းတန်ဖိုးတူညီဖို့ (equal)၊ လွတ်လပ်စွာ (free) မဲပေးခွင့်ရဖို့ လိုအပ်ပါတယ်။ ထို့အတူ အစိုးရအကြီးအကဲ အရွေးခံတဲ့ ကိုယ်စားလှယ်လောင်း (candidate) တွေ တန်းတူ အခွင့် အရေးရရှိဖို့လိုပါတယ်။ ဘယ်ကိုယ်စားလှယ်လောင်းကမှ အခွင့်အရေးအသာစီးမရသလို၊ လျော့နည်းရလို့လည်း မဖြစ်ပါ။ ကိုယ်စားလှယ် လောင်းတွေအကြား မျှတမှု (fair) ရှိဖို့လိုအပ်ပါတယ်။

တူရကီ အစိုးရအကြီးအကဲ ရွေးချယ်တင်မြှောက်ပွဲကို ဆန်းစစ်ခြင်း

တူရကီဟာ သမ္မတဦးဆောင်အစိုးရစနစ်ရှိတဲ့နိုင်ငံဖြစ်တာမို့ သမ္မတရွေးချယ်တင်မြှောက်ပွဲကို ဒီမိုကရေစီ အကျဆုံး နည်းနဲ့ ရွေးချယ်ပါတယ်။ အမှန်က မေလ ၁၄ ရက်နေ့က တူရကီမှာ ကျင်းပတာဟာ သမ္မတရွေးချယ်တင်မြှောက်ပွဲ တစ်ခုထည်းမဟုတ်ပါ။ Grand National Assembly လို့ခေါ်တဲ့ အမတ် ၆၀၀ ပါ ဥပဒေပြုလွှတ်တော်အတွက် အထွေ ထွေ ရွေးချယ်တင်မြှောက်ပွဲလည်း ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရအကြီးအကဲ သမ္မတ ရွေးချယ်တင် မြှောက်ပွဲ ကသာ နိုင်ငံ ရေးအရ အရေးကြီးဆုံးဖြစ်တာမို့ သတင်းတွေမှာ လွှမ်းမိုးနေခဲ့တာပါ။ မေလ ၁၄ ရက်နေ့မှာ တူရကီ မဲဆန္ဒရှင်း ၆၄ သန်းထဲက ၈၀ ရာနှုံးကျော် အထွေထွေရွေးချယ်တင်မြှောက်ပွဲနဲ့ သမ္မတ ရွေးချယ်တင်မြှောက်ပွဲ တွေမှာ မဲပေးခဲ့ကြတယ်။ ဥပဒေပြုလွှတ်တော် ရွေးချယ်တင်မြှောက်ပွဲရလဒ်တွေ စောလျင်စွာကတည်းက သိထားပြီးဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒါက အစိုးရအကြီးအကဲ ရွေးချယ်မှု၊ အစိုးရဖွဲ့စည်းမှုနဲ့ ဘာမှမဆိုင်လို့ စိတ်၀င်စားမှုနည်းခဲ့တယ်။

တူရကီသမ္မတ ရွေးချယ်တင်မြှာက်ပွဲမှာ မဲဆန္ဒရှင်တွေက မိမိနှစ်သက်ရာ သမ္မတလောင်းကို တိုက်ရိုက်မဲပေး ရွေးချယ်ရ ပါတယ်။ သမ္မတလောင်းတစ်ဦးဦးက အတည်ပြုနိုင်တဲ့ မဲအားလုံးရဲ့ ၅၀ % ကျော်ရယင် သမ္မတအဖြစ်အရွေးခံရပါ တယ်။ တကယ်လို့ ဘယ်သမ္မတလောင်းကမှ မဲ ၅၀ % ကျော် မရယင် သီတင်းနှစ်ပတ်အကြာမှာ မဲအများဆုံးနဲ့ ဒုတိယ အများဆုံးရထားတဲ့ သမ္မတလောင်းနှစ်ဦးကို နောက်တစ်ကြိမ် ပြန်လည်မဲပေးပြီး ရွေးချယ်ရပါတယ်။ ဒီလိုနှစ်ကျော့ပြန် မဲပေးတဲ့ စနစ်ကို second ballot, second round, run-off အမျိုးခေါ်လေ့ရှိတယ်။ နှစ်ကျော့ပြန်မဲပေးတဲ့စနစ်ကို ၁၉၆၅ ခုနှစ်ကစလို့ ပြင်သစ် သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ စတင်ကျင့်သုံးခဲ့ပြီး၊ နောက်ပိုင်း အခြားနိုင်ငံတွေက သမ္မတရွေးချယ် တင်မြှောက်ပွဲတွေမှာ အသုံးများလာပါတယ်။ တူရကီဟာ အဲဒီအထဲက တစ်နိုင်ငံဖြစ်တယ်။

မေလ ၁၄ ရက် တူရကီ သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ သမ္မတလောင်း လေးဦး၀င်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဘယ်သမ္မတ လောင်းကမှ မဲ ၅၀ % ကျော်မရတဲ့အတွက် မဲအများဆုံးရထားတဲ့ လက်ရှိသမ္မတ အီဒါ၀န် (Recep Tayyip Erdoğan) နဲ့ ဒုတိယမဲအများဆုံးရတဲ့ Kemal Kılıçdaroğlu နှစ်ဦးကို မေလ ၂၈ ရက်နေ့က နောက်တစ်ကျော့ ပြန်လည်မဲပေး ရွေးချယ် ခဲ့ရပါတယ်။ နောက်တစ်ကျော့ပြန်ရွေးချယ်ရာမှာ မဲဆန္ဒရှင် ၈၅ % မဲပေးခဲ့ပြီး အီဒါ၀န် (Recep Tayyip Erdoğan) က ၅၂ % ၊ Kemal Kılıçdaroğlu က ၄၈ % ရရှိကြတဲ့အတွက် လက်ရှိသမ္မတ အီဒါဝန် သမ္မတအဖြစ် ပြန်လည်အရွေးခံရပါ တယ်။ 

သုံးနိုင်ငံ နှိုင်းယှဥ်ခြင်း

တူရကီ၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံက အစိုးရအကြီးအကဲရွေးချယ်ပုံမှာ ဒီမိုကရေစီနည်းလမ်းကျတာ၊ မကျတာတွေကို နှိုင်း ယှဥ် သုံးသပ်ချင်ပါတယ်။ 

တူရကီမှာ အစိုးရအကြီးအကဲ သမ္မတကို ရွေးချယ်ရာမှာ နည်းစနစ်အရ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ကျင့်သုံးနေတဲ့ ပုံစံအတိုင်း ဒီမိုကရေစီ စံမှီ၊ ပေမှီစွာနဲ့ လုပ်ဆောင်ခဲ့တယ်။ သမ္မတလောင်းတွေ အကြားမှာ ဘယ်သူကမှ အခွင့်အရေး ပိုမရပါ။ အခြေခံဥပေဒအရ တန်းတူအခွင့်အရေးပေးထားပါတယ်။ တစ်ကျော့ပြန်ရွေးချယ်တင်မြှောက်ပွဲအပြီး လေးရက်အကြာ ဇွန်လ ၁ ရက်နေ့ မှာ သမ္မတရွေးချယ်တင်မြှောက်ပွဲရလဒ် တရား၀င်ကြေညာမယ်။ ဇွန်လ ၂ ရက်နေ့မှာ လွှတ်တော်ကျင်းပကာ အရွေးခံ သမ္မတ ကျန်းသစ္စာကျိန်မယ်။ နောက်တစ်ရက် ဇွန်လ ၃ ရက်နေ့မှာ အစိုးရအသစ်ကို ကြေညာမယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောထားပါတယ်။ အစိုးရအကြီးအကဲ သမ္မတ ရွေးချယ် တင်မြှောက်ပွဲ အပြီး တစ်ပတ်အတွင်း အစိုးရသစ်ဖွဲ့စည်းနိုင်တယ်။ ဘာ အဟန့်အတားမှ မရှိပါ။

တူရကီနဲ့ တစ်ရက်တည်းကျင်းပတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးချယ်တင်မြှောက်ပွဲမှာ အများစု (၅၀ % ကျော်) အနိုင်ရ ပါတီညွန့်ပေါင်းအဖွဲ့တွေ ပေါ်ထွက်နေပေမဲ့ အစိုးရဖွဲ့ဖို့ မသေချာသေးဘူးဖြစ်နေတယ်။ ရွေးချယ်တင်မြှောက်ပွဲအပြီး သုံးလလောက်ကြာမှ အစိုးရသစ် ပေါ်လာမယ်လို့ ခန့်မှန်းနေကြတယ်။ ဒီကြားကာလအတွင်း ၀န်ကြီးချုပ်လောင်း ဖက်တာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) ကို ၀န်ကြီးချုပ် အရည်အချင်းပျက်ယွင်းမှု (disqualification) လုပ်ဆောင်မဲ့ ဆွေးနွေးချက်တွေ ကျယ်လောင်လာတယ်။ ပိုဆိုးတာက စစ်တပ်ခန့် ဆီးနိတ်လွှတ်တော် အမတ် ၂၅၀ က လူထုဆန္ဒ နဲ့ဆန့်ကျင်ပြီး ရှုံးနိမ့်တဲ့ ပါတီခေါင်းဆောင်တစ်ဦးဦးကို အစိုးရအကြီးအကဲ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်မဲ့ အခွင့်အရေး ကို လက်ရှိ ထိုင်းအခြေခံဥပဒေက ခွင့်ပြုထားတယ်။ လွှတ်တော်နှစ်ရပ်ပေါင်း အမတ် ၇၅၀ အနက် အများစု ၃၇၆ မဲ ထောက်ခံမှုရှိမှ ၀န်ကြီးချုပ်အရွေးခံရမှာ။ ဆီးနိတ်အမတ် ၂၅၀ က စစ်တပ်က ခန့်အပ်ထားတော့ စစ်တပ်လိုလားတဲ့ ဝန်ကြီးချုပ်လောင်းကို မဲ ၇၅၀ မှာ ၂၅၀ အသာစီးပေးထားသလိုဖြစ်နေတယ်။ တစ်နည်း စစ်တပ်က ၀န်ကြီးချုပ်ရွေးရာမှာ ၃၃.၃ % အသာစီးရယူထားတယ်။ ဒီမိုကရစီနည်းအရ ပြည်သူကရွေးလိုက်တဲ့ ၀န်ကြီးချုပ်လောင်းတွေက ၃၃.၃ % နောက်ကျ ကျန် နေရတယ်။ ဒါဟာ ၀န်ကြီးချုပ်လောင်းတွေအကြား ကြီးမားတဲ့ အခွင့်အရေး ကွာဟာမှုကြီးနဲ့ မျှတမှု ကင်းမဲ့ခြင်း ဖြစ်တယ်။ ၀န်ကြီးချုပ်လောင်းအချင်းချင်းအကြားမှာ အခွင့်အရေး ခွဲခြားထားတယ်။ ပြည်သူလူထု အများ စုဆန္ဒကို ဆန့်ကျင်ပြီး စစ်တပ်အလိုကျ လုပ်ခွင့်ကို ထိုင်းအခြေခံ ဥပဒေက ပြဋ္ဌာန်းထားတယ်။ ဒီအချက်တွေဟာ အစိုးရအကြီးအကဲနေရာကို ဒီမိုကရေစီနည်းလမ်း အကျဆုံးနဲ့ ရွေးချယ်ရခြင်းဆိုတဲ့ ဒီမိုကရေစီစံနဲ့ ဆိုးဆိုး၀ါး၀ါး အံချော်နေပါတယ်။ 

မြန်မာနိုင်ငံက အစိုးရစနစ်ဟာ သမ္မတဦးဆောင် အစိုးရစနစ်ပါ။ သမ္မတမှာ အာဏာကုန်ရှိပါတယ်။ ၀န်ကြီးချုပ်မရှိပါ။ တူရကီလို နိုင်ငံတော်ဦးသျှောင်ရာထူးရော အစိုးရအကြီးအကဲရာထူး နှစ်ခုစလုံးကို သမ္မတက ရယူပါတယ်။ ဒါပေမဲ့ အာဏာကုန်ရှိတဲ့ သမ္မတတွေကို တူရကီနဲ့ တခြား သမ္မတဦးဆောင် အစိုးရစနစ်ရှိ နိုင်ငံတွေမှာလို ဒီမိုကရေစီစံနှုန်း ပြည့် ပြည့်၀၀နဲ့ ရွေးချယ်တာမျိုး မြန်မာနိုင်ငံမှာ မလုပ်ပါ။ မြန်မာနိုင်ငံက အစိုးရအကြီးအကဲ သမ္မတရွေးချယ်မှုမှာ တူရကီနဲ့ နှိုင်းယှဥ်ယင် ကြီးမားတဲ့ ဒီမိုကရေစီ အံချော်မှုတွေ တွေ့ရတယ်။

၁။ သွယ်၀ိုက်ရွေးချယ်ခြင်း (indirect election) - သမ္မတဦးဆောင်အစိုးရစနစ်မှာ သမ္မတကို ပြည်သူလုထုက တိုက် ရိုက်မဲပေးရွေးချယ်ခြင်း (direct election) လုပ်ရပါတယ်။ မြန်မာနိုင်ငံမှာက လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအ၀ေးက ရွေးပါတယ်။ အိန္ဒိယ၊ ဂျာမနီနိုင်ငံတွေမှာလည်း သမ္မတကို လွှတ်တော်အမတ်တွေပါ၀င်တဲ့ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ (electoral college) နဲ့ ရွေးပါတယ်။ ဒါပေမဲ့ အဲဒီ နိုင်ငံတွေမှာက ပါလီမန်ဒီမိုကရေစီအစိုးရစနစ်ရှိတာမို့ သမ္မတ ဟာ နိုင်ငံရေးအာဏာမရှိတဲ့ နိုင်ငံတော် ဦးသျှောင်မျှသာဖြစ်ပါတယ်။ အစိုးရအကြီးအကဲ မဟုတ်ပါ။ အမေရိကန် ပြည် ထောင်စုမှာလည်း ရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့ သမ္မတကို ရွေးတယ်ဆိုပေမဲ့ ရွေးချယ်တင်မြှောက်ရေးအဖွဲ့၀င်တွေ က သူတို့ သဘောနဲ့ ရွေးတာမဟုတ်ပါ။ သမ္မတရွေးချယ်တင်မြှောက်ပွဲနေ့မှာ ပြည်သူလူထုက ပြည်နယ်အလိုက် ရရှိတဲ့ ရွေးချယ်တင်မြှောက်ရေးအဖွဲ့၀င် အရေအတွက်ကို မဲပေးရွေးချယ်ပြီး၊ အဲဒီ ရလဒ်အတိုင်း သမ္မတကို မဲပေးရတာမို့ အနှစ်သာရ အားဖြင့် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တာပါ။ ဘယ်သမ္မတဦးဆောင်အစိုးရစနစ်နိုင်ငံမှာမှ မြန်မာလို သမ္မတကို သွယ်၀ိုက်ရွေးချယ်တာမျိုးမရှိပါ။ 

၂။ စစ်တပ်က ဒု-သမ္မတ တစ်ဦးကို ခန့်အပ်နိုင်ခြင်း- သမ္မတလောင်းသုံးဦးထဲက တစ်ဦးကို လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအအ၀ေးမှာ သမ္မတအဖြစ် ရွေးချယ်ရပါတယ်။ သမ္မတလောင်းဆိုတာ လွှတ်တော် တစ်ရပ်စီက ရွေးချယ်တဲ့ နှစ်ဦးနဲ့ စစ်တပ်က တင်သွင်းတဲ့တစ်ဦး ပေါင်းသုံးဦးပါ။ လွှတ်တော် နှစ်ရပ်ပေါင်းက ရွေးရာမှာ မဲအများဆုံးရသူက သမ္မတဖြစ်သွားပြီး ကျန်နှစ်ဦးက ဒု-သမ္မတတွေဖြစ်လာပါတယ်။ စစ်တပ်က တင်တဲ့သူက နေရင်းထိုင်ရင်း အနိမ့်ဆုံးအဆင့် ဒု-သမ္မတ ဖြစ်သွားရော။ ဘယ်နိုင်ငံမှာမှ စစ်တပ်က အစိုးရထိပ်တန်း ရာထူးကို အဲဒီလိုခန့်ခွင့်မရှိပါ။

၃။ စစ်တပ်က သမ္မတရွေးရာမှာ ၂၅ % အသာစီးယူထား- စစ်တပ်က သူ့လူကို ဒု-သမ္မတ ခန့်ယုံမက စစ်တပ်ကိုယ်စား လှယ်က လွှတ်တော်ထဲမှာ ၂၅ % ပါနေတော့ သမ္မတရွေးရာမှာ သူတို့ပါ၀င်နေပြီး စစ်တပ်လိုလားတဲ့သူကို မဲပေးဖို့ ၂၅ % အသာစီးယူထားတယ်။ ထိုင်းမှာ ၀န်ကြီးချုပ်ရွေးရာမှာ စစ်တပ်က ၃၃.၃ % အသာစီးယူထားသလိုမျိုး။ 

မြန်မာနိုင်ငံ ၂၀၀၈ အခြေခံ ဥပဒေမှာ ဒီမိုကရေစီစံနဲ့ ကြီးကြီးမားမား အံချော်နေတာ အများအပြား ရှိပါတယ်။ အထက် မှာ သုံးသပ်ခဲ့တာတွေက လတ်တလော ပြီးသွားတဲ့ တူရကီနဲ့ ထိုင်းနိုင်ငံက အစိုးရအကြီးအကဲ ရွေးချယ်ရာမှာ ဘယ်နေ ရာတွေမှာ ဘယ်လို ဒီမိုကရေစီစံနဲ့ အံချော်နေသလဲဆိုတာတွေကို နှိုင်းယှဥ်ကြည့်ခြင်းမျှသာဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ မတူညီမှုတွေ အများအပြားရှိပါတယ်။ တူတာက စစ်တပ်နှစ်ခုက ဒီမိုကရေစီကို ဆန့်ကျင့် လုပ် ဆောင်ကြတယ်။ စစ်အာဏာသိမ်းအဖွဲ့ တွေ စိတ်တိုင်းကျ အခြေခံဥပဒေတွေရေးကြပြီး စစ်ဗိုလ်ချုပ်ကြီးတွေ အရပ် ၀တ်နဲ့ နိုင်ငံတော်အာဏာ ထိန်းချုပ်ထားနိုင်အောင် စီမံကြတယ်။ ဒီလိုနဲ့ အစိုးရအကြီးအကဲ ရွေးချယ်ရာမှာ ဒီမိုကရေစီနဲ့ ကြီးမားစွာ အံချော်တဲ့ ရွေးချယ်ရေးစနစ်တွေကို အခြေခံဥပဒေမှာ ပြဋ္ဌာန်းကြတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required