ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ရှောင်၂ ဦးကိုပစ်သတ်၊ အမျိုးသမီးအချို့ကို ဖမ်းဆီးသွား

By MTO  (မဇ္ဈိမ)
28 May 2023
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ရှောင်၂ ဦးကိုပစ်သတ်၊ အမျိုးသမီးအချို့ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ မေလ ၂၈ ရက်တွင် စစ်ရှောင်နေသည့် အမျိုးသား နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး အမျိုးသမီးအချို့ကိုလည်း ဖမ်ဆီးသွား‌ကြောင်း ဒေသခံများထံက သိရသည်။

“ဧရာ၀တီမြစ်ဘက်ကလာတဲ့ စစ်ကြောင်းက မနေ့ ညက ထန်းတောရွာမှာတပ်စွဲပြီး ဒီနေ့မနက် နန်းဦး နဲ့ ရေယှားရွာကြားက စစ်ရှောင် ၂၀၀ လောက်ရှိတဲ့ နေရာကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာပါ။  အဲ့မှာ အမျိုးသား နှစ်ဦး ပစ်သတ်ခံရပြီး အမျိုးသမီး အချို့လည်း ကျည်ထိပါတယ် ။ အဲ့မှာ စစ်တပ်က ကျည်ထိ သူတွေကော မထိသူတွေကောခေါ် ပြီး နေရင်းရွာနဲ့  မင်းရွာကို ဝင်သွားကြတာပါ” ဟု ဒေသခံကပြောသည်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသည် ဧရာ၀တီမြစ်နှင့် ချင်းတွင်းမြစ်အကြားတွင် တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က ဧရာ၀တီမြစ်ဘက်မှ စစ်ကြောင်း တစ်ကြောင်း ၊ ချင်းတွင်းမြစ်ဘက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းဖြင့် နှစ်ဖက်ညှပ်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“ဒီကနေ့ မနက်မှာလည်း ချင်းတွင်းမြစ်ဘက်ကလာတဲ့ စစ်ကြောင်းက ချင်းယားရွာ၊ မိုးကွဲရွာ နဲ့ မိုးဖြူ ရွာတွေကို ဝင်ရောက်မီးရှို့သွားပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မေလ ၂၆ ရက်နေ့မှ စတင်ကာ ရေလယ်ကျွန်းဒေသအတွင်းရှိကျေးရွာများကို ရွာစဉ်လှည့်၍ မီးရှို့ဖျက်ဆီးနေပြီး လက်ရှိအချိန်အထိ ကျေးရွာ ပေါင်း ၂၁ ရွာ အထိ မီးရှို့ ဖျက်ဆီးခံ ထားရကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က မိဖုရားကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly