ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ‌ဖြစ်ပွား

By လွှမ်းမိုး (မဇ္ဈိမ)
22 May 2023
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ‌ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မြောက်ခြမ်း နဘူးတောကျေးရွာအနီးတွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၁၁ ရက် နံနက် ၆ နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နဂါးညီနောင်တပ်ဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲက အနီးကပ်တေ့ပစ်ရတာဖြစ်တဲ့အတွက် နှစ်ဖက်အထိအခိုက်များသွားတာဖြစ်ပါတယ်။ အပြန် အလှန် ပစ်ခတ်မှု တစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားခုနစ်ဦးသေဆုံးသလို ဒေကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်” ဟု နဂါးညီနောင်တပ်ဖွဲ့ခေါင်းဆောင်ကိုနိုင်မင်းက ပြောသည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲက အရမ်းနီးနီး ကပ်ကပ်ကြီး ဖြစ်ပွားခဲ့တဲ့ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းလူမှားပြီး ၁၅ မိနစ် လောက် ဆက်တိုက်ပစ်ကြတာ” ဟုနဂါးညီနောင်တပ်ဖွဲ့ ခေါင်းဆောင် ကိုနိုင်မင်းကအခြေအနေကို ရှင်းပြသည်။

ဘန့်ဘွေးရွာမှ ထွက်ခွါလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် အောင်ဇေယျကုန်းမှစစ်ကူရောက်ရှိလာသည့် စစ်‌ကောင်စီတပ်ဖွဲ့တို့ အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  ဆိုသည်။

ထို့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းများဖြင့်ကင်းထောက်၍ ၆၀ မမ ဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲဘော်များမစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KLG PDF ၊ ပြည်ထောင်စုလွတ်မြောက်ရေး တပ်ဦး၊ နဂါးညီနောင်၊ ဆရာစံတပ်ဖွဲ့၊TripleTwo ၊ ဗိုလ်မုတ်ဆိတ် ၊ Alpha Special Force ၊ ချိုမိုင်မိုင် ၊ စစ်ကိုင်းတပ်ရင်း(၃)ကနီဒေသတပ်ခွဲ နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးရုပ်အလောင်း များကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ကားများဖြင့်ခေါ်ဆောင်သွားကြောင်း သိရသည်။

စာတည်း။      ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly