အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံး စက်ယန္တရားများဖြင့် ဖျက်ဆီးခံရ

By 007 (မဇ္ဈိမ)
08 May 2023
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံး စက်ယန္တရားများဖြင့် ဖျက်ဆီးခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မန္တလေးမြို့မှ တိုင်းရုံးအဆောက်အအုံကို စစ်အုပ်စု ထောက်ခံသူလူတစ်စုက ဖျက်ဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၆၂ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ၊ NLD ပါတီ မန္တလေးတိုင်းရုံး အဆောက်အအုံကို မေလ ၅ ရက်နေ့ ညပိုင်းက စစ်အုပ်စုထောက်ခံသူလူတစ်စုက ဖျက်ဆီးခဲ့ကြ ခြင်းဖြစ် သည်။

“ည ၉ နာရီလောက်ကြီးမှာ ၀င်လုပ်သွားကြတာ။ ၆၂ လမ်းကြီးကိုပိတ်ထားပြီး၊ ဘက်ဟိုးတွေနဲ့၀င်လုပ် သွားတာ။ ကျနော်တို့အဲဒီအနားရောက်တော့ ဝုန်းဒိုင်းနဲ့ စိမ်ပြေနပြေကို ဖျက်ဆီးနေကြတာ။ အော်ဟစ်ဆဲ ဆိုသံတွေလည်းကြားခဲ့ရတယ်” ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ရပ်ကွက်ဥက္ကဋ္ဌအပါအ၀င် စစ်ကောင်စီတပ်သားနှင့် အရပ်၀တ်လက်နက်ကိုင်အင်အား ၁၅ ယောက်ခန့်က ရုံးတည်ရှိရာ ၆၂ လမ်းအား၊ ၃၂ လမ်းမှ ၃၅ လမ်းအထိ ပိတ်ဆို့ထားပြီး၊ စက်ယန္တရားများဖြင့် ၀င်ရောက် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံများကလည်း အတည်ပြုသည်။

ရုံးအပေါ်ဆုံးထပ်တွင်တင်ထားသော ပါတီဆိုင်းဘုတ်ကိုဖြုတ်ချသွားကြောင်း အတည်ပြုချက်ရထားပြီး ရုံးအတွင်း၀င်ရောက်ဖျက်ဆီးခြင်း၊ ဒေါင်းရုပ်နှစ်ခုယူသွားခြင်းတို့နှင့်ပတ်သက်၍ အတည်မပြုနိုင်သေးပေ။

အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီ ဗဟိုရုံးအပါအ၀င် တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရုံး၊ မြို့နယ်ရုံး ရပ်ကွက်/ကျေးရွာရုံးများကို မသမာသူအကြမ်းဖက်သမားများမှ ဥပဒေမဲ့ဖျက်ဆီးလျက်ရှိကြောင်း၊ ပါတီ ရုံး ကျူးကျော်ဖျက်ဆီးခံရသောအချိန်အများစုသည် စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ စစ်အုပ်စု သာ သွားလာခွင့်ရှိသောအချိန်များတွင် ဖြစ်ပွားသည်ကိုတွေ့ရှိရကြောင်း NLD(ဗဟို)က ဆိုထားသည်။

NLD ပါတီမှ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့၏ ၂၀၂၃ ခုနှစ် မတ်လအထိ ကောက်ယူထားသောစာရင်းများအရ ရုံးချုပ်အပါအ၀င် ပါတီရုံးကျူးကျော်ဖျက်ဆီးခံရမှု ၁၂၀ ကြိမ်ထက် မနည်းရှိနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly