ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် ကင်းပွန်းခြုံကျေးရွာမှဒေသခံများ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ 

By ရောင်နီ (မဇ္စျိမ)
04 May 2023
ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် ကင်းပွန်းခြုံကျေးရွာမှဒေသခံများ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်းပွန်းခြုံကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအကူအညီများ လိုအပ် လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီ၀န်းကျင်တွင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာ သည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက် ခိုက်ခဲ့သည်။ 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် အိမ်ခြေ ၁၃၈ လုံးရှိသည့် ကင်းပွန်းခြုံကျေးရွာ အတွင်း၀င်ရောက်ကာ နေအိမ် ၁၂၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

“ ၂၈ ရက်နေ့မနက်မှာ တစ်ရွာလုံး မီးရှို့ခံလိုက်ရတာပါ။ မီးမလောင်ဘဲ ကျန်တာ ၁၅ အိမ်ပဲရှိတယ်။ ဒါပေမယ့် သူတို့လည်း ရွာထဲမှာမနေရဲလို့ စစ်ဘေးရှောင်နေရတာပါပဲ။ စုစုပေါင်း လူဦးရေ ၄၀၀ ကျော် စစ်ဘေးရှောင်နေရတာ တစ်လကျော်နေပြီ” ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။ 

စစ်ဘေးရှောင်နေရသည့် ပြည်သူများကို ဒေသအခြေစိုက်အဖွဲ့အစည်းများက အကူအညီများပေးထား သော်လည်း ရက်ရှည်ကြာလာသည်နှင့်အမျှ ရိက္ခာလိုအပ်ချက်များရှိလာကြောင်းဆိုသည်။ 

“စစ်ဘေးရှောင်တွေကများတယ်လေ တစ်နေ့ကို ဆန်လေးတင်းလောက်ကုန်တော့ ရိက္ခာပိုင်းတော့ စိတ်ပူ ရတာပေါ့။ ကြားဖြတ် ဆန်အလှုရှင်ရတာလေးရယ်၊ ပြည်တွင်းပြည်ပထောက်ပံ့မှုနဲ့ အခုထိတော့ ရပ် တည်နိုင်ပါသေးတယ်။ ဒါပေမယ့် အခုနောက်ပိုင်း အလှူရှင်ပါးသွားပြီ။ ရက်ရှည်စစ်ရှောင်ဆိုတော့ အဓိက ရိက္ခာပိုင်း စိုးရိမ်စရာပါ”ဟု စစ် ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။ 

ကင်းပွန်းခြုံကျေးရွာမှ စစ်ဘေးရှောင်များအတွက် Mission-21 Magway က “တစ်ရွာ တစ်ကျီ” ကမ်ပိန်း ပြုလုပ်ကာ  ရိက္ခာထောက်ပံ့နိုင်ရန်  စီစဥ်လျက်ရှိသည်။ 

“တစ်ရွာတစ်ကျီ”ကမ်ပိန်းသည် စစ်ဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် သီးသန့် ရည်ရွယ် ပြုလုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်များနှင့် အခြားစစ်ရှောင်နေရာနှစ်ခုကို ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်။

ယခုတစ်ကြိမ်ပြုလုပ်မည့် ကင်းပွန်းခြုံကျေးရွာမှစစ်ဘေးရှောင်များအတွက် "တစ်ရွာ တစ်ကျီ" ကမ်ပိန်း တွင် ဆန်တစ်ပြည် ၃,၀၀၀ ကျပ်မှ စတင်ကာ ပါ၀င်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
“ကမ်ပိန်းကရတဲ့ အလှူငွေတွေနဲ့ ဆန်ပဲ၀ယ်ယူမှာပါ။ စစ်ဘေးရှောင်တွေမှာက ပြန်စရာ ရွာမရှိ၊ အိမ် မရှိ တော့ဘူး။ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ကိုယ့်အိမ်မှာကိုယ့် မိသားစုနဲ့အတူနေနိုင်သေးတဲ့ ပြည်သူတွေက ဆန်တပြည်ဖိုးစီလောက်ဖြစ်ဖြစ် ကူပေးကြစေချင်ပါတယ်” ဟု Mission-21 Magway မှ တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ ကမ်းပိန်းအစီအစဥ်မှ ကင်းပွန်းခြုံကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများအတွက် နှစ်လကျော်စာ စားနပ်ရိက္ခာအဖြစ် ဆန်တင်း ၃၀၀ ထောက်ပံ့နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ 

စစ်ဘေးရှောင်နေရသူများတွင် သက်ကြီးရွယ်အို၊ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးငယ်အများစုအပြင် လေဖြတ်ထားသည့် လူနာများလည်းပါ၀င်ပြီး ဆေး၀ါးအကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရ သည်။  

လက်ရှိအချိန်တွင် မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးကာ ၀င် ရောက်မှုများကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်  တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ဒေသခံ ပြည်သူများစွာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required