ပုလောမြို့နယ် ပလ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွား  ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

By ကိုရွှေမြိတ်မဲဆောက်(မဇ္ဈိမ)
24 April 2023
ပုလောမြို့နယ် ပလ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွား  ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ပလစစ်ကောင်စီစစ်ဆေးရေး ဂိတ်က ခရီးသည်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးကာ ဧပြီလ ၂၂ ရက်နေ့တွင် သတ်ဖြတ်လိုက်ကြောင်း ဒေသခံ များထံမှ သိရသည်။

ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရသူနှစ်ဦးမှာ ကြဲကျေးရွာမှသားအဖနှစ်ဦးဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ပလမြို့စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ခရီးသည်ကားပေါ်မှဆွဲချပြီး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

“သူတို့က မြိတ်ကနေ ပုလောဖက်ကိုလာတဲ့အချိန်မှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်က ဖမ်းဆီး ပြီး သတ်ဖြတ်တာခံလိုက်ရတယ်”ဟု  ပလဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်မှ မည်သည့်အတွက် ဖမ်းဆီးစစ်ဆေးရခြင်းနှင့် မည်ကဲ့သို့ သတ်ဖြတ် လိုက်သည်ကို မသိရသေးပေ။

လက်ရှိတွင် သတ်ဖြတ်ခံရသော သားအဖနှစ်ဦး၏အလောင်းကို မိသားစုဝင်များထံ ပြန်လည်ပို့ဆောင်ပေး ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပုလောကုန်းရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ အင်အားအလုံးအရင်ဖြင့် ဝင်ရောက် တိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံက ဆိုသည်။

ပုလောမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required