မတ္တရာတွင် စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးသွားသူ၏အလောင်းကို သွေးသောက်အဖွဲ့ကတ်ပြားနှင့်အတူ ပြန်တွေ့

By 007 (မဇ္ဈိမ)
24 April 2023
မတ္တရာတွင် စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးသွားသူ၏အလောင်းကို သွေးသောက်အဖွဲ့ကတ်ပြားနှင့်အတူ ပြန်တွေ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာတွင် အရပ်သားတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနှစ်ပတ်ခန့်အကြာ ဧပြီလ ၂၃ ရက်နေ့တွင် ရုပ်အလောင်းအား သွေးသောက်အဖွဲ့ကတ်ပြား နှင့်အတူ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေက မနေ့က နေ့လယ် ၁ နာရီ လောက်မှာ အလောင်းလာပစ်သွားတယ်။ ပထမတော့ဘာများလဲပေါ့ သူတို့ထွက်သွားတော့မှ ဖိုးထောင်အလောင်းမှန်းသိရတာ။ သူတို့က အလောင်း နားမှာ သွေးသောက်တံဆိပ်ပါ ချန်ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မတ္တရာမြို့နယ်၊ ကင်းကျေးရွာမှ အသက်(၁၉)နှစ်အရွယ် ကိုဖိုးထောင်ဆိုသူအား ဧပြီလ ၈ ရက်နေ့က လမ်းသွားနေစဥ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“မြကန်သာရွာထိပ်မှာ စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကဖမ်းခေါ်သွားတယ်။ ရွာကအထွက်မှာ ဘိလပ်မြေ စက်ရုံရှိတယ်၊ အဲဒီစက်ရုံအဝင်လမ်းအနီးမှာပဲ ဖိုးထောင်ကိုဖမ်းခေါ်သွားတာ။ အလောင်းတွေ့တာက ကင်းရွာမှာ” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

ကိုဖိုးထောင်ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုစဥ်ကလည်းမသိခဲ့ကြသလို၊ သတ် ဖြတ်အလောင်းစွန့်ပစ်ခံခဲ့ရသည်အထိလည်း မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဖိုးထောင်က ခေါင်းမာပြီး သတ္တိကောင်းတယ်ဗျ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ရိုက်နှက်မေးတာတွေ တစ်ခု မှ ပြန်မဖြေလို့ သတ်ပစ်လိုက်တာဖြစ်မယ်။ အလောင်းမှာ နှိပ်စက်ခံထားရတာတွေလည်း တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရုပ်အလောင်းအားတွေ့ရှိရစဥ် ရုပ်အလောင်းပေါ်တွင် သွေးသောက်အဖွဲ့ကတ်ပြားတွေ့ရခြင်းကြောင့် စစ်ကောင်စီတပ်သားများသည် ပြည်သူကိုကြောက်လန့်အောင် ခြောက်လှန့်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ က ဆိုသည်။

မတ္တရာမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ကလည်း အသက်(၂၀)ကျော်အရွယ် အမျိုးသားနှစ်ဦးကို စစ်‌ ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ပြီး သွေးသောက်အဖွဲ့ကတ်ပြားနှင့်အတူ လမ်းဘေး၌ စွန့်ပစ်ခဲ့မှု ဖြစ်ခဲ့သေး သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required