အင်းစိန် CID ရုံး ပေါက်ကွဲမှုအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားများ အဝေးထိန်းမိုင်းများ ဖြင့် တိုက်ခိုက်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
24 April 2023
အင်းစိန် CID ရုံး ပေါက်ကွဲမှုအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားများ အဝေးထိန်းမိုင်းများ ဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဦးစီးဌာန(CID)ရုံးတွင်  ဧပြီလ၂၃ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါနေရာအနီးသို့ လာရောက်စစ်ဆေးသည့် စစ်ကောင်စီ တပ်သားများအား အဝေးထိန်းမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း YGN Urban Guerrilla Army (YUGA)က ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးအခြေအနေအား မေးမြန်းရာတွင် “မသိရသေးဘူးဗျ ရန်သူဘက်(စစ်ကောင်စီတပ်ဖွဲ့)က သတင်းဖုံးထားတယ်။ လာစစ်ဆေးတဲ့ အင်အား‌ တော်တော်များတယ်လို့ သိရပါတယ်” ဟု YUGA ၏ တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ယမန်နေ့ညက ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ သာကေတ၊ အင်းစိန်မြို့နယ်များတွင် ည ၁၀ နာရီ ၄၀ မိနစ်မှ ၅၀ မိနစ်အတွင်း ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ 

“အင်းစိန်ပေါက်ကွဲမှုကို တခြားမြို့နယ်တွေက ကြားရတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ ထိစပ်မြို့နယ် တွေက ကြားရတာရှိတယ်။ တခြားသီးခြားပေါက်ကွဲမှုကတော့ ကျွန်တော်တို့မသိပါဘူး” ဟု YGN Urban Guerrilla Army (YUGA)၏တာဝန်ခံက ဖြေကြားသည်။

အင်းစိန် CID ရုံးအား တိုက်ခိုက်သည့်စစ်ဆင်ရေးကို ရန်ကုန် - မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် YGN Urban Guerrilla Army  - YUGA (MO-7 EAGLE) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly