KNU ဥက္ကဋ္ဌ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း အနားယူရန်လိုအပ်နေကြောင်း ဆရာဝန်ညွှန်ကြား

By YT  ( မဇ္ဈိမ)
20 April 2023
KNU ဥက္ကဋ္ဌ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း အနားယူရန်လိုအပ်နေကြောင်း ဆရာဝန်ညွှန်ကြား

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံကဆင်းပြီဖြစ်သော်လည်း အနားယူရန်လိုအပ်နေကြောင်း ဥက္ကဋ္ဌနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

" အဖူး မူတူးစေးဖိုးရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းလာပြီ။ ဘာမှမဖြစ်တော့ဘူး။ ဆေးရုံကလည်းပြန်ဆင်းလာပြီ။ ဒါပေမယ့် ဆေးရုံကဆရာဝန်က သူ့ကို အနားယူခိုင်းလို့ အခန်းသတ်သတ်နဲ့ ထားထားရပါတယ်" ဟု KNU ဥက္ကဋ္ဌနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် သွေးတိုး၍ သတိလစ်သွားခြင်းကြောင့် မဲဆောက်မြို့ရှိ Maesotram Hospital တွင် ဆေးကုသမှုခံယူခဲ့ရသော KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း ဆရာဝန်မှ အနားယူရန် လိုအပ်သည်ဟု ညွှန်ကြားထားသဖြင့် အနားယူနိုင်စေရန် ပြင်ဆင်ထားကြောင်း KNU ဥက္ကဋ္ဌနှင့်နီးစပ်သူတစ်ဦးထံက သိရသည်။

" အရင်တုန်းကတော့ ဒီလိုမဖြစ်ပါဘူး။ ဒါပေမယ့် အသက်ကြီးလာတော့ တစ်ခါတလေ သွေးတိုးတာမျိုးတော့ ဖြစ်တတ်တယ်။ အခုတစ်ခါဖြစ်တာက နည်းနည်းပြင်းတော့ ဆေးရုံသွားပို့လိုက်တာပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယခင်ကာလများက သွေးတိုးခြင်း၊ မူးဝေခြင်းဖြစ်သော်လည်း ယခုတစ်ခေါက်သည် ယခင်ကာလများထက် ပိုပြင်းထန်ခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအတွက် ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ဆေးစစ်ခြင်း၊ ဆေးဝါးများဆောင်ထားခြင်း၊ အစားအသောက် ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်ပေး၍ ဂရုစိုက်ပေးပါသော်လည်း အသက်အရွယ်အရ ရံဖန်ရံခါ သွေးတိုးခြင်း၊ နေထိုင်မကောင်းခြင်းဖြစ်တတ်ကြောင်း KNU ဥက္ကဋ္ဌနှင့်နီးစပ်သူတစ်ဦးထံက သိရသည်။ 

" သူ့ရဲ့အစားအသောက်၊ ဆေးဝါး နဲ့ ဆရာဝနချိန်းတဲ့အတိုင်း သွားပြရတယ်။ ဆေးစစ်တယ်။ သွေးတိုးအတွက် ဆေးတွေ ဆောင်ထားတယ်။ လူကြီးဆိုတော့လည်း ဆေးဘယ်လောက်ပဲကောင်းကောင်း ပြည့်စုံအောင်ထားထား၊ ဖြစ်တတ်တာ သဘာဝပဲမို့ ဖြစ်တတ်တယ်လို့ပဲ မှတ်ယူရမယ်" ဟု ဆိုသည်။ 

ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍  KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဆုံးပါးသွားပြီဟူသော သတင်းအမှားများ ထွက်ပေါ်ခဲ့သေးသည်။

စာတည်း ‐ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required