ခမရ(၅၃၄)တပ်ရင်းအား မော်လမြိုင်ကျွန်းတော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

By မင်းထက်
18 April 2023
ခမရ(၅၃၄)တပ်ရင်းအား မော်လမြိုင်ကျွန်းတော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက် အမှတ်(၅၃၄) ခြေမြန်တပ်ရင်း အတွင်း သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီလင်းပိုင်မော်ကျွန်းအဖွဲ့က ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ဧရာဝတီလင်းပိုင်မော်ကျွန်းနှင့် မော်ကျွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ဧပြီလ ၁၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က အဆိုပါတပ်ရင်းအား 79 ဗုံးပစ်လောင်ချာ ၄၀ မမ ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အမှတ်(၅၃၄) တပ်ရင်းကို ပစ်တယ်ဆိုပေမဲ့ အဲဒီတပ်ရင်းထဲက တပ်ရင်းမှူးအိမ်ရှိတဲ့နေရာကိုပဲ ဦးတည် ပြီးပစ်ခတ်ခဲ့တာပါ။ မြင်ကွင်းအရ ဘယ်နေရာကိုကျတယ်ဆိုတာတော့ မသိဘူးပေါ့။ ပေါက်တာကတော့ တပ်ဝန်းထဲမှာ နှစ်လုံးစလုံး ပေါက်သွားပါတယ်”ဟု ဧရာဝတီလင်းပိုင်မော်ကျွန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ပစ်ခတ်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရပြီး ပေါက်ကွဲမှု များကြောင့် တပ်အတွင်းပိုင်းပျက်စီးမှုအခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်းပြောသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သတ်၍ မော်လမြိုင်ကျွန်းမြို့နှင့်ငါးဖာလုံခန့်ကွာဝေးသည့် ခမရ (၅၃၄)တပ်ရင်း အတွင်း ယမန်နေ့ညပိုင်းက ပေါက်ကွဲသံများကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ခမရ(၅၃၄)ဘက်က ပေါက်ကွဲတဲ့အသံတော့ ကြားရတယ်။ ဘာတွေဖြစ်တယ်ဆိုတာတော့ မသိဘူးပေါ့။ ဒီမနက် PDF တွေ ထုတ်ပြန်မှ သိရတာပါ” ဟု အဆိုပါဒေသခံက ပြောသည်။

ပြည်သူလူထုအား နည်းမျိုးစုံဖိနှိပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များအတွက် ဧရာ ဝတီတိုင်းအတွင်းရှိ မည်သည့်နေရာမှမလုံခြုံကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အမြန်ဆုံးထွက်ခွာကြရန်နှိုး ဆော်ကြောင်း ဧရာဝတီလင်းပိုင်မော်ကျွန်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ခမရ(၅၃၄)မှ စစ်ကောင်စီတပ်သားများ(ပုံဟောင်း)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly