ကျောက်ကြီးတွင် ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီးအကူအညီလိုအပ်နေ

By YT  ( မဇ္ဈိမ)
12 April 2023
ကျောက်ကြီးတွင် ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီးအကူအညီလိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂,၆၉၃ ဦး နေအိမ်စွန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ယမန်နေ့က ထုတ်ပြန်သည်။ 

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဘောကထာစစ်ကောင်စီ တပ်စခန်းမှ ကျောက်ကြီးမြို့နယ်၊ မဘီကျေးရွာနှင့် ပဒဲကောကျေးရွာအတွင်း လက်နက်ကြီးခြောက်လုံးခန့် ပစ်ခတ်ခဲ့ရာ မဘီကျေးရွာအတွင်း လေးလုံး၊ ပဒဲကောကျေးရွာအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မဘီကျေးရွာအတွင်းရှိ သိက္ခာတော်ရ ဆရာ စောလယ်မူး​၏ နေအိမ် ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။ 

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မဘီကျေးရွာနှင့် ပဒဲကောကျေးရွာမှ ဒေသခံ ၂,၆၉၃ ဦးခန့်သည် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။ 

“ ရွာလုံးကျွတ်တွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒီနေ့လည်း PDF တွေ ရွာထဲမှာ ရှိတယ်ဆိုတဲ့ အထင်နဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာ၊ ခြောက်ချက်လောက်တော့ ရှိတယ်၊ နေ့လယ်လောက်ကျတော့ ထပ်မပစ်တော့ပါဘူး" ဟု ဒေသတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အရေအတွက်များစွာ ပါဝင်ပြီး နွေရာသီ ရာသီဥတုပူ၍ ကလေးငယ်များ ဖျားနာမှုများပြားနေကြောင်း၊ ဆန်နှင့် ဆေးဝါး လိုအပ်ချက်မြင့်တက်နေသော်လည်း စစ်ဘေးရှောင်များအား သီးသန့်အကူအညီပေးနေသော အဖွဲ့အစည်းများ မရှိသေးကြောင်း သိရသည်။ 

" ရာသီဥတု ပူတော့ ကလေးတွေ ဖျားနာတာတွေ ရှိတယ်။ လက်ရှိ ကျွန်တော်တို့ပဲ အနည်းငယ်လိုအပ်တာလေးတွေ ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်နေတာကတော့ ဆန်နဲ့ဆေးဝါးတွေပါပဲ" ဟု ဒေသတွင်းလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ယခု ဘောကထာစခန်းတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် ဘောကထာစခန်းသို့ အထိုင်ချရန် လာနေစဉ်ကာလကတည်းက ခြေကုတ်စခန်းများမှနေ၍ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ ယခု ဘောကထာစခန်းသို့ရောက်သည့်အချိန်တွင်လည်း ကျေးရွာများအတွင်း ပစ်ခတ်နေဆဲဖြစ်ကြောင်း KNU ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ​ဧပြီလ ၄ ရက်နေ့ကလည်း ဆင်မတောင်၊ ခြေတော်ရံ၊ ဆိပ်ကြီး ခြေကုတ်စခန်းများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာမှ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စပ်လဲရွာ၊ ပတူးရွာနှင့် လော်မူသောရွာမှ ဒေသခံ ၁,၀၅၆ ဦး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required