ဖလမ်းမြို့နယ် ဝေဘူလကျေးရွာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရ၍ ပြည်သူ ၆ ဦး သေဆုံး

By ပါခွီး (မဇ္စျိမ)
10 April 2023
ဖလမ်းမြို့နယ် ဝေဘူလကျေးရွာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရ၍ ပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာကို ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်  စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းအုပ်ဆရာဇနီးမောင်နှံအပါအဝင် ပြည်သူခြောက်ဦး သေဆုံးသွားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံမှ သိရသည်။

“ဖိုက်တာနဲ့ သုံးကြိမ်လာပြီး ဗုံးခြောက်လုံးချသွားတာ။ ဝေဘူလရွာကို နှစ်လုံးကျတယ်” ဟု  CNDF ပြော ရေးဆိုခွင့်ရှိသူ Salai Cung Ngai က မဇ္စျိမကိုပြောသည်။

ယခုသေဆုံးမှုများမှာ ကနဦး သိရခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများလည်းရှိသဖြင့် ထိခိုက်သေဆုံးမှုများ ထပ် တိုးလာဖွယ်ရှိကြောင်း ဆိုသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့် ဗားရ်စခန်းကို CNDF က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ကာ လက်နက်အချို့ သိမ်းဆည်းရမိထားကြောင်း သိရသည်။

ယင်းသို့အထိနာသဖြင့် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဂျက်ဖိုက်တာ ဖြင့် သုံးကြိမ်လာရောက်၍ ဗုံးခြောက်လုံးချခဲ့ရာ ဗာရ်းတွင် လေးလုံးနှင့် ဝေဘူလရွာတွင် နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။

ဗားရ်စခန်းသည် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) လက်အောက်ခံတပ်စခန်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် တွင် အကျအဆုံးများရှိကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့လည်း ရဲဘော်တစ်ဦးကျဆုံးကြောင်းသိရပြီး အသေးစိတ်အချက်အလက်များကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်း‌နေဆဲ ဖြစ်သည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required