မန္တလေးတွင် ငွေလဲရန်လာသည့်အမျိုးသမီးကိုသတ်ပြီး ငွေကျပ်သိန်း ၂၀၀ လုယူထွက်ပြေး

By 007 (မဇ္ဈိမ)
03 April 2023
မန္တလေးတွင် ငွေလဲရန်လာသည့်အမျိုးသမီးကိုသတ်ပြီး ငွေကျပ်သိန်း ၂၀၀ လုယူထွက်ပြေး

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူက ငွေလဲရန်လာသူကို သတ်ဖြတ်ပြီး ငွေကျပ်သိန်း ၂၀၀ လုယူထွက်ပြေးသွားသည့်ဖြစ်စဉ် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ အကွက်အမှတ်(၁၄၆)၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ အိမ်တစ်အိမ်၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူအမျိုးသားက ငွေလဲရန်လာရောက် သည့် အမျိုးသမီးကို သတ်ဖြတ်ကာ ငွေများလုယူ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်။

အခင်းဖြစ်နေအိမ်အား ငှားရမ်းပြီး Online ငွေလဲလုပ်ငန်းလုပ်ကိုင်နေသည့် ဦးအောင်နိုင်ဝေဆိုသူက အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ကာ ငွေလဲရန်ရောက်လာသည့် တစ်မြို့နယ်ထဲနေသူ အမျိုးသမီးအား ကြိုး ဖြင့်တုပ်ကာ ဓားဖြင့်ထိုးသတ်ပြီး ငွေကျပ် သိန်း ၂၀၀ နှင့် Scoopy အမျိုးအစားဆိုင်ကယ်ကိုပါ လုယူထွက် ပြေးသွားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“အောင်နိုင်ဝေက ပုသိမ်ကြီး ကုန်းတန်းမှာနေတာ၊ အခုဖြစ်တဲ့နေရာက ငှားနေတာပါ။ အဲဒီမှာငှားနေပြီး တရား မဝင်ငွေလဲ လုပ်နေတာ၊ ငွေသားနဲ့ Kpay လဲတာတို့ဘာတို့ပေါ့ဗျာ၊ အဲဒါအမျိုးသမီးက ငွေလဲဖို့ လာတဲ့အချိန်မှာ ကြိုးနဲ့တုပ်သတ်ပြီး ငွေယူထွက်ပြေးတာ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အသတ်ခံရသည့်အမျိုးသမီးသည် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် မ.....ဆိုသူဖြစ်ကြောင်း၊ ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်ပါးစောင် ပေါက် ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထုတ်ပြန် သည့် သတင်းများအရ သိရသည်။

“အွန်လိုင်းကနေ ငွေသားဘယ်လောက်ရှိတယ်၊ Kpay နဲ့လဲမယ်၊ ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး ပို့စ်တင် တယ်၊ တကယ်အမှန်အကန် လုပ်စားကြသူလည်းရှိသလို၊ လိမ်လည်မှုတွေလည်း တွေ့ရတယ်၊ မကြာ မကြာ ကြားနေရတယ်၊ အခုကိစ္စမှာလည်း ကောင်မလေးဆီက ငွေသားသိန်းနှစ်ရာယူမယ်၊ Kpay ထဲ ပြန် ထည့်ပေးမယ်ဆိုပြီး ချိန်းကြတယ်ထင်ပါတယ်၊ ကိုယ့်ပိုက်ဆံကိုယ် အချိန်မရွေးပြန်ထုတ်ခွင့်မရတဲ့ နောက် ဆက်တွဲဆိုးကျိုးတွေပေါ့ဗျာ” ဟု မြို့ခံစီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပြည်တွင်းပုဂ္ဂလိကဘဏ်များအပါအဝင် တရားဝင် ငွေလဲ၊ ငွေလွှဲလုပ်ငန်းများအား စည်းကမ်းတင်းကျပ်ခဲ့ရာမှ တရားမဝင်ငွေလဲ၊ ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly