ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
03 April 2023
ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကံကျေးရွာတွင် ယာယီတပ်စွဲနေသာ စစ်ကောင်စီတပ်ဖွဲ့ ပတ်ကင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေါင်းနက်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးရဲဘော်တစ်ဦး ထိခိုက်မှုရှိခဲ့ ကြောင်း ဒေါင်းနက်တပ်ဖွဲ့မှ တပ်ရင်းမှူးကိုပေက ပြောသည်။

“ဆိုင်ကယ်တစ်စီးနဲ့စစ်သားနှစ်ယောက် ရွာပတ်ပြီး ကင်းလှည့်နေတဲ့အချိန် ကျနော်တို့ကင်းပုန်းနဲ့ ထိတွေ့ မှုဖြစ်ခဲ့တာပါ။ စစ်သား နှစ်ဦးသေဆုံးတယ် ။ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး ခါးဒဏ်ရာ ရရှိခဲ့တယ်” ဟု ဒေါင်းနက်တပ်ဖွဲ့မှ တပ်ရင်းမှူးကိုပေက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်သား နှစ်ဦးထံမှ MA-3 နှစ်လက် ရရှိခဲ့သည်ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဖူးကြီးအခြေစိုက် စကခ(၄) လက်အောက်ခံတပ်ရင်းတစ်ခု ဖြစ်သည့် ခမရ(၇၀၄) မှ စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၁၀) တပ်ရင်း (ဒေါင်းနက်တပ်ဖွဲ့) ၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းနှင့် ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်းတို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်သေဆုံးမှု ရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က မွန်းလွဲ ၁ နာရီ  ၅၀ မိနစ်ခန့်တွင် အိမ်ခြေ ၃၀၀ ခန့် ရှိ သည့် နှောကံကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။

“သေနတ်သံတွေ ကြားပြီးတဲ့နောက်မကြာပါဘူး ရွာပေါ်က မီးခိုးလုံးကြီးတွေထွက်လာတယ်။ အခုအချိန် ထိတပ်စွဲထားတဲ့အတွက် မီးလောင်အိမ်ခြေအရေအတွက်ကို မသိရသေးဘူး”ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကြောင့် ပုလဲမြို့နယ်အတွင်းရှိ နှောကံ၊ ကိုင်းတွင်း၊ မင်းတိုင်ပင်၊ သပြေကုန်း၊ ကျောက်ဖျာကန် ကျေးရွာများမှ လူဦးရေ ၈,၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required