ဟားခါးမြို့တွင် မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု HCC သတိပေး

By ပါခွီး မဇ္စျိမ
27 March 2023
ဟားခါးမြို့တွင် မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု HCC သတိပေး

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု ဟားခါး မြို့ပေါ်  ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (Hakha Circle Council) မှ ယနေ့ မတ်လ ၂၇ ရက်တွင် ထုတ်ပြန် ထားသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလမှစတင်ကာ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ခံရန် ချင်းပြည်နယ်ရှိ စစ်ကောင်စီခန့် ဝန်ကြီးချုပ်မှ ၎င်း၏လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ညွှန်ကြားထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံတော်အာဏာကို ဥပဒေမဲ့သိမ်းယူပြီးနောက်တွင် မြန်မာနိုင်ငံရှိ ဥပဒေအားလုံးသည် ပျက်ပြယ်သွားသည်ဟု HCC အနေဖြင့်ခံယူကြောင်း ဆိုသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မီတာခ ကောက် ခံမှုတွင် မပါဝင်ကြရန်နှင့် မီတာခကို (လုံးဝ) ပေးသွင်းခြင်းမပြုကြရန် ထုတ်ပြန်ချက်၌ အသိပေး ထား သည်။

ထို့ပြင် တော်လှန်ရေးကာလအတွင်း ကျင့်သုံးရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဟားခါးမြို့ပေါ်ရှိ ပြည်သူလူထုမှ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (HCC) ၏ အသိပေးအကြောင်းကြားခြင်းမပါရှိဘဲ မည်သည့် အခွန်အခများကိုမှ ပေးသွင်းရန်မလိုအပ်ကြောင်း ဆိုသည်။

လျှပ်စစ်မီတာခ ကောက်ခံဆောင်ရွက်ရန် လမ်းညွှန်ချက်များပေးသော ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ လျှပ်စစ်ဝန်ထမ်းများကိုပါ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုလည်း HCC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မီတာခကောက်ခံခြင်းအပြင် ပြည်သူလူထုအားနှောက်ယှက်ခြင်းများ ပြုလုပ်ပါကလည်း ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းအားဖြင့် လိုအပ်သကဲ့သို့ အရေးယူဆောင်ရွက်သွားမည် ဟုလည်းဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချင်းပြည်နယ်မှ မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ဟားခါးမြို့နယ်လည်း ပါဝင်ခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required