ရေစကြိုတွင် ရဲစခန်းနှင့် စစ်ကောင်စီကင်းစခန်းများကို တိုက်ခိုက်၊ တပ်သား ၂ ဦးသေဆုံး

By MTO မဇ္ဈိမ
27 March 2023
ရေစကြိုတွင် ရဲစခန်းနှင့် စစ်ကောင်စီကင်းစခန်းများကို တိုက်ခိုက်၊ တပ်သား ၂ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသည့် ကပ်ကျော်ဘုန်းကြီး ကျောင်းကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger -MBT အဖွဲ့မှ ထုတ်ပြန်ထားသည်။

မတ်လ ၂၆ ရက် နံနက်ပိုင်းက ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးဒဏ်ရာရရှိသွား ကြောင်း MBT အဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောသည်။

“ ကျနော်တို့သွားပြီးတိုက်ခိုက်ချိန်မှာ သူတို့ဘက်က ကင်းပုန်းနဲ့ အရင်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တယ်။ ကျနော်တို့လည်း ပြန်ပြီး ပစ်ဆုတ် ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က တစ်ဦး ဒဏ်ရာရရတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း ရေစကြိုမြို့၊ မြို့မရဲစခန်းကို ပြောက်ကျားနည်းစနစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိသွားကြောင်း MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုသည်။

“ ရဲစခန်းမှာက အရင်ဆုံး ဘန်ကာထဲကို လက်ပစ်ဗုံးနဲ့ပစ်ခတ်နိုင်ခဲ့လို့ အထဲက နှစ်ယောက်သေတယ်။ အဲဒီနောက်မှာ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ သူတို့ ဘက်က နောက်ထပ် သုံးယောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု  ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုများသည် Myingyan Black Tiger- MBT အဖွဲ့၏ အမှတ်(၂)စခန်း သိမ်းပိုက်ခံရမှုအပေါ် လက်တုန့် ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး နောက်ထပ်တိုက်ခိုက်မှုများ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။

Myingyan Black Tiger- MBT အဖွဲ့၏ ရေလယ်ကျွန်းဒေသဌာနချုပ်စခန်းနှင့် အမှတ်(၂)စခန်းတို့ကို ပြီးခဲ့သောရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

MBT အဖွဲ့အနေဖြင့် ရေလယ်ကျွန်းဒေသ၊ ဌာနချုပ်စခန်းကိုပြန်လည်ရယူနိုင်ခဲ့သော်လည်း အမှတ် (၂) စခန်းကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required