ရေငုပ်သင်္ဘောဆိုင်ရာသဘောတူညီချက်နှင့်ပတ်သက်ပြီး AUKUS အဖွဲ့ကို တရုတ်သတိပေး 

ရေငုပ်သင်္ဘောဆိုင်ရာသဘောတူညီချက်နှင့်ပတ်သက်ပြီး AUKUS အဖွဲ့ကို တရုတ်သတိပေး 

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့သည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဆိုင်ရာ သဘောတူညီချက်အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် တရုတ်က AUKUS အဖွဲ့သည် အန္တရာယ်ရှိသည့် လမ်းမှားပေါ် ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးလိုက်သည်။

“အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ရဲ့ နောက်ဆုံးပူးတွဲထုတ်ပြန်ချက်ဟာ ၃ နိုင်ငံစလုံးက ၎င်းတို့ရဲ့ ပထဝီဝင်နိုင်ငံရေး အကျိုးစီးပွားအတွက် နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လုံးဝလျစ်လျူရှုပြီး အန္တရာယ်ရှိတဲ့ လမ်းမှားပေါ် လျှောက်လှမ်းနေတယ်ဆိုတာ ပြသနေပါတယ်” တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက မတ်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

သြစတြေးလျသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်၍ ၎င်း၏ရေတပ်ကို ခေတ်မီစေရန် အမေရိကန်ထံမှ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ ဝယ်ယူသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နိစ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်တို့က မတ်လ ၁၃ ရက်တွင် ကြေညာခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့ရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်၃ ဦးသည် ၎င်းတို့၏ ၁၈လကြာ ၃ ပွင့်ဆိုင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘုံသန္နိဋ္ဌာန်ကို အလေးပေးပြောကြားခဲ့သည်။

အဏုမြူဓာတ်ပေါင်းဖိုများဖြင့် စွမ်းအင်ပေးမည့် ရေငုပ်သင်္ဘောများအား ဝယ်ယူခြင်းသည် သြစတြေးလျကို ထိပ်တန်းနိုင်ငံစာရင်းသို့ ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး တရုတ်၏ စစ်အင်အားတိုးချဲ့မှုကို ဆန့်ကျင်ရန် အမေရိကန်ဦးဆောင်သော ကြိုးပမ်းမှုတွင် ၎င်းကို ရှေ့တန်းတင်လိုက်ခြင်း ဖြစ်သည်။

အနောက် မဟာမိတ်၃ နိုင်ငံသည် လက်နက်ပြိုင်ဆိုင်မှုဖြစ်ပေါ်ရန် သွေးထိုးလှုံ့ဆော်နေသည်ဟု ဝမ်က စွပ်စွဲခဲ့ပြီး လုံခြုံရေး သဘောတူညီချက်သည် စစ်အေးခေတ် သဘောထားအတွက် ထင်ရှားသည့် ပြယုဂ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရေငုပ်သင်္ဘောများ ရောင်းချခြင်းသည် ဆိုးရွားသည့် နျူကလီးယားပြန့်ပွားမှု အန္တရာယ်ကို ဖြစ်ပေါ်စေပြီး နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်ပါ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ချိုးဖောက်ကြောင်း ဝမ်က ပေကျင်းမြို့တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ၂၀၃၀ ပြည်နှစ်များ အစောပိုင်းကာလတွင် သမားရိုးကျနျူကလီးယားစွမ်းအင်သုံး Virginia အမျိုးအစား ရေငုပ်သင်္ဘော ၃ စီးကို သြစတြေးလျသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး လိုအပ်ပါက ၅ စီးအထိ ပို့ဆောင် သွားနိုင်ခြေရှိကြောင်း အမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့သည်။

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့သည် လုံခြုံ၊ တည်ငြိမ်၊ လွတ်လပ်၊ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ဖော်ဆောင်ရန် ရည်ရွယ်သည့် လုံခြုံရေးမိတ်ဖက်အဖွဲ့သစ်ဖြစ်သော AUKUS ကိုဖွဲ့စည်းခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly