ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By ဂျူနို (မဇ္စျိမ)
17 March 2023
ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့အား မတ်လ ၁၅ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိကြောင်း Super Fighter PDF (ရေစကြို)အဖွဲ့ထံမှ သိရသည်။ 

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်ဟု Super Fighter PDF (ရေစကြို)အဖွဲ့တာဝန်ခံက ပြောသည်။ 

“ကျွန်တော်တို့ရဲဘော်တွေက လက်နက်ငယ်ကိုအသုံးပြု တိုက်ခိုက်ခဲ့တာပါ။ အပေါ်ကနေ ဒရုန်း နဲ့စောင့်ကြည့်ပြီး မြေပြင်ကလက်နက်ငယ်နဲ့ပစ်တာပါ။  သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေကို မအူစခန်းကနေ ဒိုင်နာကားနဲ့ ခလရ(၂၅၈)ထဲကို သယ်ဆောင်သွားပါတယ်”ဟု Super Fighter PDF (ရေစကြို)အဖွဲ့  ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်သားများမှာ ဆင်ဖြူရှင်တံတားမှ တပ်ဖွဲ့ဝင် အပြောင်းအလဲလုပ်ပြီး စာရွက်စာတန်းများတင်‌ဆောင်လာသော ဒိုင်နာကားအရှေ့မှကာ၍ အင်အား ၇၀ခန့်ဖြင့်  စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းစစ်ကောင်စီတပ်သားများအား မအူပန်းခြံ အနီး ရေစကြို-ချောင်းဦးကားလမ်းနှင့် ရထားသံလမ်းကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိနစ် ၃၀ ကြာ အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း Super Fighter PDF (ရေစကြို)အဖွဲ့ က ထုတ်ပြန်ထားသည်။ 

တိုက်ပွဲမှာ မအူရဲစခန်းအနီး၌ ဖြစ်ပွားမှုကြောင့် မအူရဲစခန်းမှ လက်နက်ကြီးများ ပစ်ကူပေးခြင်းနှင့် မြေပြင်မှအကူများ ရောက်ရှိလာသောကြောင့် ကာကွယ်ရေးရဲဘော်များ နောက်ပြန်အဆုတ်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင်ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။ 

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖဦးဆောင်၍ SuperFighter PDF(ရေစကြို)နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)တို့က ပူးပေါင်း၍တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။ 

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly