မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် သက်ကြီးရွယ်အို ၃ ဦးသေဆုံး

မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် သက်ကြီးရွယ်အို ၃ ဦးသေဆုံး
ဓာတ်ပုံ -  Monywa_AMyintRoadInformation

မဇ္ဈိမ။   ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက်နေ့တွင် မီးရှို့ဖျက်ဆီးမှုကြောင့်သက်ကြီးရွယ်အို သုံးဦး မီးထဲပိတ်မိပြီး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာ၊ မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းဖြင့် မတ်လ ၁၅ရက်နေ့ ၊မနက်၆နာရီခန့်တွင် ကျေးရွာအတွင်းသို့ သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာခဲ့ကြပြီး  မနက် ၇ နာရီခန့်တွင် စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ ဝင်ရောက်လာခြင်းကြောင့် ထနောင်းတောတောင်ရွာနေပြည်သူများနှင့် အနီးနားပတ်ဝန်းကျင် ရွာများရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၆၀ ကျော်ခန့် မီးဘေးသင့်ခဲ့ရကာ ထွက်မပြေးနိုင်သည့် အသက် ၇၀ ကျော်အရွယ် အဘိုးအဘွား သုံးဦး မီးလောင်သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထနောင်းတောတောင်ရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်မှာ မတ်လ ၁၅ ရက်နေ့၊ နေ့လယ် ၁၁နာရီ ၃၀မိနစ်ခန့်တွင် တောပုမြောက်ပိုင်း ပျူကျေးရွာသို့ ဝင်ရောက်ပြီးတောပုမှ တစ်ဆင့် ဆိုင်ကယ် ၁၅စီးဖြင့် ၎င်းတို့တပ်စွဲရာ စွမ်းရည်ထက်ဆီဆိုင်သို့ ပြန်သွားခဲ့တယ်ဟု ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၂ခုနစ်၊ စက်တင်ဘာလ၊၂၇ရက်နေ့မှာလည်း စစ်ကောင်စီတပ်မှထနောင်းတောမြောက်ရွာ ပြည်သူ့နေအိမ် လေးလုံး၊ ထနောင်းတောတောင်ရွာ ပြည်သူ့နေအိမ် သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly