"ကျွန်တော်တို့ကို မပစ်ပါနဲ့၊ အဲဒီဘုန်းကြီးကျောင်းထဲက အော်သံကြားရတယ်"(အင်တာဗျူး)

By 001 (မဇ္စျိမ)
14 March 2023
"ကျွန်တော်တို့ကို မပစ်ပါနဲ့၊ အဲဒီဘုန်းကြီးကျောင်းထဲက အော်သံကြားရတယ်"(အင်တာဗျူး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်က ပြည်သူ ၃၀ ဦးနဲ့  သံဃာသုံးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် အဲဒီဘုန်းကြီးကျောင်းအတွင်းက ထွက်သွားပြီးနောက် မတ်လ ၁၂ ရက်နေ့မှာ နေပြည် တော် PDF ၊ KRU ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး၊ DMO PDF ၊ ရှမ်းတောင် PDF တပ်ပေါင်းစု၊ KNDF၊ PNDF(KK)အဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဝင်ရောက်ဆောင်ရွက်ရာမှာ အစုလိုက်အပြုံလိုက် သတ် ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တာပါ။

ဘုန်းကြီးကျောင်းအောက်ဘက်က မြေအောက်ကျင်းထဲမှာ ပုန်းခိုစစ်ဘေးရှောင်နေတဲ့ သံဃာတွေနဲ့ ပြည်သူတွေကို စစ်ကောင်စီက ဆွဲထုတ်ပြီး ပစ်သတ်သွားတာဖြစ်တယ်လို့ နေပြည်တော် PDF တပ်ရင်း - ၈၀၄ က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ထွက်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရာမှာ ပါဝင်ခဲ့တဲ့နေပြည်တော် PDF တပ်ရင်း-၈၀၄ မှတပ်ဖွဲ့ဝင် CDM စစ်သားတစ်ဦးရဲ့ မျက်မြင်တွေ့ခဲ့ရတဲ့အခြေအနေတွေကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာမှာ မတ်လ ၁၁ ရက်နေ့က လူအစုလိုက်အပြုံလိုက် သတ် ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ပိုင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်တဲ့အခါ မျက်မြင်တွေ့ခဲ့ရ တဲ့ အခြေအနေအသေးစိတ်လေး ပြန်ပြောပေးပါ။

ဖြေ။    ။ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးစလုပ်တဲ့အချိန် ဘုန်းကြီးကျောင်းထဲကိုစဝင်တဲ့အချိန် ခွေး (စစ်ကောင်စီတပ်သား)တွေ သတ်ထားတာ ကျောင်းဝမှာ တစ်လောင်းတွေ့တယ်။ နယ်မြေထပ်ရှင်းတဲ့ အခါ ၁၂ လောင်းထပ်တွေ့တယ်။ ထပ်တွေ့တဲ့အချိန် အထဲထဲကို ထပ်ရှင်းတဲ့အခါ နောက်မှာ ၂၀ ကျော် လောက်ရှိတာပေါ့။ အားလုံးပေါင်း ၃၅ လောင်းလောက်ရှိတယ်။

မေး။    ။ဒီထဲမှာ ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတွေလည်းပါတယ်လို့ သိရတယ်။ ဒီအထဲမှာ ဘယ်လို လူတွေပါဝင်သေးလဲ။

ဖြေ။    ။အသက်ကြီးပိုင်းပေါ့။ ၄၂ ၊ ၅၀ အဲ့ဒီလောက် အသက်အရွယ်တွေပါတယ်။ ပြီးလို့ရှိရင် ကျောင်းထိုင် ဦးဇင်းတစ်ပါး ပါတယ်။ ပြီးရင် သူ့ရဲ့ကျောင်းမှာနေတဲ့ ဦးဇင်းနှစ်ပါးရှိတယ်။ နောက်ပြီး သူ့နားမှာလုပ်တဲ့ ကပ္ပိယတစ်ပါးရှိတယ်။ အဲဒီမှာ စစ်ဘေးရှောင်နေတဲ့ ရွာသားတွေပေါ့နော်။ ရွာသားတွေအကုန်လုံး သူတို့ က ပစ်သတ်ခဲ့တာကိုး။ 

မေး။    ။ ရွာသားတွေ အသတ်ခံရတာကို တွေ့ရတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးတွေ့ရလဲ။

ဖြေ။    ။ တွေ့ရတော့ သူကအစုလိုက်ပေါ့နော်။ သူက ဘုန်းကြီးကျောင်းရဲ့ အောက်ထပ်မှာ မြေအောက် ကျင်းပုံစံမျိုးလုပ်ထားတာရှိတယ်။ အဲ့ဒီအောက်ကနေဆွဲထုတ်ပြီး အဲဒီဘေးမှာပဲ ပစ်သတ်တာပေါ့နော်။

မေး။    ။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဘယ်လိုအထောက်အထားတွေ တွေ့ရှိခဲ့တာ ရှိလဲ။

ဖြေ။    ။ ကျွန်တော်တို့ လတ်တလော အဲ့ဒီမှာတွေ့ရတာတော့ ခွေး(စစ်ကောင်စီတပ်) ကျည်တွေ့တယ် ပေါ့နော်။ MA ရဲ့ ကျည်ခွံတွေ တွေ့တယ်။ သူ့ရဲ့ ကျည်ဆံတွေတချို့ဟာတွေကျတော့ အုတ်စက်တွေ ပစ်ထားတာတွေရှိတယ်။ အုတ်စက်တွေမှာ ကျည်ဖူးတွေတွေ့တယ်ပေါ့နော်။ 

မေး။    ။ သတ်ဖြတ်သွားတဲ့ စစ်ကြောင်းက တပ်မဘယ်လောက်လို့ သိရလဲ။

ဖြေ။    ။တပ်မကတော့ ကျွန်တော်ထင်တယ်။ ခိုလမ် ရှမ်းတောင်ဘက်က (၅၇၈) အဖွဲ့ ဖြစ်ဖို့များတယ်။ 

မေး။    ။အခင်းဖြစ်ပွားတဲ့နေရာမှာ တွေ့ရှိရတာတွေကို တချို့မဟာမိတ်အဖွဲ့တွေ ထုတ်ပြန်ထားတာ ရှိတယ်။ စစ်ကောင်စီရဲ့ ကပစ ထုတ်ကျည်ဗူးခွံတွေ တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒါနဲ့ ပတ်သက်လို့ရော ဘယ်လိုမျိုးတွေ့ရှိခဲ့တာ ရှိလဲ။

ဖြေ။    ။တွေ့ရှိခဲ့တာ သူတို့ပြောသလိုတော့ မှန်တယ်။ ကျွန်တော်တို့ အဲ့ဒီမှာ နယ်မြေရှင်းလင်းရေး လုပ် တဲ့အခါမှာလည်း အစုလိုက်အပြုံလိုက်သတ်ထားတဲ့ နားမှာလည်း ကပစ ကျည်ခွံတွေ တွေ့တယ်။ တချို့ နေရာမှာလည်း ကျည်ဖူးတွေ ခေါင်းကိုပစ်ထားတာတွေ ကျည်ဖူးတွေက တချို့တဝက်တွေမှာ အပြင် မထွက် တာတွေလည်း ရှိတယ်။ 

မေး။    ။စစ်ကောင်စီလော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ထုတ်ပြန်တဲ့ပုံတွေမှာဆိုရင် သတ်ဖြတ် ခံရတဲ့သူတွေကို လက်နက်နဲ့ PDF တွေဆိုပြီး စွပ်စွဲထားတာတွေရှိတယ်ပေါ့။ ဒါနဲ့ ပတ်သက်လို့ရော ဘာများပြောချင်လဲ။

ဖြေ။    ။ အဲဒါ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့  ဒီဖက် PDF ကတော့ ကျောင်းထဲကို ဝင်ပစ် တာမရှိဘူး။ အဲ့ဒီလို စုဝေးသတ်ဖြတ်တာမရှိဘူး။ ကျွန်တော်တို့နဲ့ သူတို့နဲ့ battle (တိုက်ပွဲ) ဖြစ်ပြီးနောက် ပိုင်း သူတို့ဘုန်းကြီးကျောင်းထဲက အော်သံကြားတယ်။ ကျွန်တော်တို့ကို မလုပ်ပါနဲ့။ ကျွန်တော်တို့ကို မပစ် ပါနဲ့၊ အဲဒီဘုန်းကြီးကျောင်းထဲက အော်သံကြားတယ်။ ဒီကောင်တွေ နောက်ပြန်ဆုတ်သွားတဲ့အချိန်မှာ ကျွန်တော်တို့ နောက်နေ့မနက်အစောကြီး ဝင်ရှင်းတဲ့အချိန်မှာ အဲဒီလို အစုလိုက်အပြုံလိုက် သတ်ထား တာ တွေ့တယ်။

မေး။       ။ အဲဒီအချိန်မှာ အနေအထားက ဘယ်လိုရှိလဲ။ ဘယ်နေရာလောက်က လှမ်းကြားရတာလဲ။

ဖြေ။        ။ အပြန်အလှန်ပစ်ပြီးလို့ ငြိမ်သွားတဲ့အချိန်မှာ အော်သံတစ်သံ ကြားရတယ်။ ကျွန်တော်တို့ကို မပစ်ပါနဲ့။ ကျွန်တော်တို့ကို မပစ်ပါနဲ့၊ အဲ့ဒီအသံတွေကြားရတယ်။ ကျွန်တော်တို့ကနောက်နေ့ ဝင်ရှင်းတဲ့ အချိန်မှာ ပြည်သူတွေကိုသတ်ထားတယ်။ ဘုန်းကြီး၊ ရဟန်းတွေ သတ်ထားတယ်။ အဲဒါတွေကို တွေ့ရ တယ်။

မေး။    ။ ဒီနေ့ရော ဒါနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဘယ်လိုတွေ့ရှိတာတွေရှိလဲ။

ဖြေ။    ။ နောက်ဆက်တွဲကတော့ ကျွန်တော်လည်း မသိဘူး။ အဲ့ဒီနေ့က တွေ့ရှိခဲ့တာ အဲ့ဒီလောက်တော့ သိတယ်။

မေး။    ။စစ်ကောင်စီစစ်ကြောင်းဝင်ပြီးနောက် ဘုန်းကြီးကျောင်းအပြင် နမ်းနိန်းရွာအတွင်းက အခြေ အနေကရော ဘယ်လိုရှိလဲ။

ဖြေ။    ။ နမ်းနိန်းရွာကတော့ ဘုန်းကြီးကျောင်းထဲမှာ သတ်ဖြတ်ခဲ့တယ်။ ပြီးရင် ဘုန်းကြီးကျောင်းရှေ့ ပရဝဏ်တွေ၊ စပါးကျီတွေအားလုံးကို မီးရှို့ခဲ့တယ်။ ဆိုင်ကယ်တွေအကုန်မီးရှို့ခဲ့တယ်။ သေသွားတာ တောင် မကျေနပ်လို့ ဒူးတွေကို ပစ်ချိုးခဲ့တာတွေရှိတယ်။ အဲ့တာတွေလည်း တွေ့ခဲ့တယ်။

မေး။    ။ အခုလက်ရှိနမ်းနိန်းရွာရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။ 

ဖြေ။     ။ အခုကတော့ ဒီကောင်တွေ ပြန်တော့နောက်ဆုတ်နေပြီ။ ဆုတ်နေပြီဆိုတာ ကုန်းပေါ်မှာတော့ ရှိနေသေးတယ်ပြောတယ်။ ဒါပေမဲ့ ရှေ့ဆက်မတိုးရဲသေးဘူး။

မေး။    ။ ဘာများဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။    ။ ကျွန်တော်တို့ကရင်နီမှာက အဘက်ဘက်က ထိုးနေတဲ့စစ်ကြောင်းတွေက အများကြီးပဲဗျ။ ဒီတခေါက်အရင်လို စစ်ကြောင်း တစ်ကြောင်းတည်း တစ်နေရာတည်းကို ဝင်တာမဟုတ်ဘူးဗျ။ ကရင်နီကို ပတ်ပတ်လည်ထိုးနေတယ်။ ကျွန်တော်တို့ဒီကာလမှာ တိုက်ပွဲတစ်ပွဲရဲ့ ကုန်ကျစရိတ်က အရမ်းများတယ်။ အဲဒီတော့ ပြည်သူတွေကို ကျွန်တော်တို့ တပ်ရင်းမှာသော်လည်းကောင်း၊ ကျန်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးကို တတ်နိုင်သမျှကူပေးဖို့၊ ကရင်နီ ဒေသထဲမှာရှိတဲ့ စစ်ကြောင်းတွေ PDF တပ်ဖွဲ့တွေ အဲ့တာတွေအကုန်လုံးကို တတ်နိုင်သမျှ ကူပေးဖို့တော့ Request (တောင်းဆို) လုပ်ချင်ပါတယ်။ လက်ရှိကျွန်တော်တို့ တပ်ရင်း ၈၀၄ ကလည်း စက်လတ် ကမ်ပိန်းလုပ်နေတယ်ဗျ။ ကျွန်တော်တို့ တပ်ရင်းမှာမရှိမဖြစ်လိုအပ်တဲ့ ကမ်ပိန်းဖြစ်တဲ့အတွက် တတ်နိုင် သမျှ ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး။  ။ အချိန်ပေးလို့ ကျေးဇူးတင်ပါတယ်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly